တောင်ကိုရီးယားနိုင်ငံတွင် ကင်မ်ချီ အကျပ်အတည်းကို ဖြေရှင်းရန် မုန်ညင်းထုပ်များအတွက် ဧရာမ သိုလှောင်ရုံကြီးများ တည်ဆောက်မည်

တောင်ကိုရီးယားနိုင်ငံတွင် ကင်မ်ချီ အကျပ်အတည်းကို ဖြေရှင်းရန် မုန်ညင်းထုပ်များအတွက် ဧရာမ သိုလှောင်ရုံကြီးများ တည်ဆောက်မည်
အောက်တိုဘာ 1, 2022 | နိုင်ငံတကာသတင်း
By Mr John

ကင်မ်ချီအကျပ်အတည်း ဖြေရှင်းရန် တောင်ကိုရီးယားက ဧရာမ မုန်ညင်းထုပ် သိုလှောင်ရုံကြီးများ တည်ဆောက်မည်

တောင်ကိုရီးယားနိုင်ငံမှ ကင်မ်ချီပြုလုပ်သူများမှာ ရာသီဥတုဖောက်ပြန်မှုကြောင့် ယခုနှစ်တွင် မုန်ညင်းထုပ်ပြတ်လပ်မှု ဖြစ်ပေါပြီး ဈေးနှုန်းများ ထိုးတက်ခဲ့ရာ လုပ်ငန်းထိခိုက်နေကြကြောင်း သိရသည်။ 

ထိုအခြေအနေက တရုတ်နိုင်ငံမှ ဈေးသက်သာသော ကင်မ်ချီများ ဝင်ရောက်လာမှုကြောင့် ထိခိုက်မှုရှိနေသည့် တောင်ကိုရီးယားကင်မ်ချီလုပ်ငန်းကို ပိုမိုဆိုးရွားစေခဲ့သည်။

 

မုန်ညင်းထုပ်ကို အခြား ပါဝင်ပစ္စည်းများနှင့် ရောစပ်ပြီး အချဥ်ဖောက်ထားသည့် ချဥ်ချဥ်စပ်စပ် အရသာရှိသော ကင်မ်ချီမှာ ကိုရီးယားတို့ နေ့စဥ်စားလေ့ရှိသည့် ရိုးရာအရံဟင်းလျာဖြစ်ပြီး မြန်မာအပါအဝင် ကမ္ဘာတဝန်းတွင်လည်း လူသိများလာကြသည်။ 

ကင်မ်ချီလုပ်ငန်း အကျပ်အတည်းဖြစ်မှုကို ကူညီဖြေရှင်းရန် တောင်ကိုရီးယားအစိုးရက ဧရာမ မုန်ညင်းထုပ် သိုလှောင်ရုံကြီး (၂) ခုကို တည်ဆောက်သွားမည့် စီမံချက်ကို ထုတ်ပြန်ခဲ့သည်။

(၉,၉၀၀) စတုရန်းမီတာစီရှိသည့် သိုလှောင်ရုံကြီး (၂) ကို Goesan နှင့် Haenam ကျေးလက်ဒေသတို့တွင် တည်ဆောက်သွားမည်ဖြစ်ပြီး သိုလှောင်ရုံကြီး (၂) ခုပေါင်း အရွယ်အစားမှာ ဘောလုံးကွင်း (၃) ကွင်းစာနှင့် ညီမျှကြောင်း သိရသည်။

 ထို သိုလှောင်ရုံကြီး (၂) ခုတွင် တန်ချိန် (၁၀,၀၀၀) ရှိ မုန်ညင်းထုပ်များကို သိုလှောင်ထားနိုင်မည်ဖြစ်ပြီး နေ့စဥ် မုန်ညင်းထုပ် တန်ချိန် (၅၀) ကို အချဥ်ဖောက်နိုင်မည်ဟု ဆိုသည်။

ဧရာမ သိုလှောင်ရုံကြီးများ တည်ဆောက်ရေးမှာ ကိုရီးယားဝမ်ငွေ (၅၈) ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၄၀) ကုန်ကျမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် ပြီးစီးမည်ဖြစ်သည်။ 

ပြည်တွင်း ကင်မ်ချီပြုလုပ်သူများမှာ လက်ရှိ မြင့်တက်နေသည့် ဈေးနှုန်းဖြင့် မုန်ညင်းထုပ်များ လုံလုံလောက်လောက် ဝယ်ယူနိုင်ရန် ရုန်းကန်နေကြရရာ အစိုးရက ကြားဝင်ဆောင်ရွက်ပြီး မုန်ညင်းထုပ်များကို သိုလှောင်ထားရှိကာ ကင်မ်ချီလုပ်ငန်းရှင်များအတွက် တတ်နိုင်သောဈေးနှုန်ဖြစ်စေရန် ကူညီလာခြင်းဖြစ်သည်။

တောင်ကိုရီးယားတွင် ယခုနှစ် မုန်ညင်းထုပ်ဈေးနှုန်းမှာ (၃) လမပြည့်သည့် အချိန်ကာလအတွင်း (၂) ဆ မြင့်တက်ခဲ့သည်။ 

"ကျွန်တော်တို့က ဈေးနှုန်းမြင့်တက်ချိန်မှာ အသုံးပြုဖို့ ဇွန်လထဲမှာ မုန်ညင်းထုပ်တွေ ဝယ်ယူသိုလှောင်လေ့ရှိတယ်။ ဒါပေမဲ့ ဒီနှစ်မှာက မုန်ညင်းထုပ် ကုန်သွားခဲ့တယ်" ဟု ကင်မ်ချီလုပ်ငန်း Cheongone Organic ၏ အမှုဆောင်အရာရှိချုပ် Ahn Ikjin က ပြောသည်။

"တစ်နေ့ကို ကင်မ်ချီ (၁၅) တန် ထုတ်လုပ်လေ့ရှိတယ်။ ဒါပေမဲ့ အခုတော့ တစ်နေ့ကို (၁၀) တန် ဒါမှမဟုတ် အဲဒီထက်လျော့တဲ့ ပမာဏကိုပဲ ထုတ်လုပ်နေတယ်" ဟု ၎င်းက ဆိုသည်။ 

၎င်း၏ ကုမ္ပဏီအနေဖြင့် ကင်မ်ချီဈေးနှုန်းကို သုံးပုံနှစ်ပုံ တိုးမြှင့်ခဲ့ရပြီး တစ်ကီလိုဂရမ်လျှင် ဝမ် (၅၀၀) (အမေရိကန်ဒေါ်လာ ၃.၅) ဖြစ်ကြောင်းလည်း Ahn Ikjin က ပြောသည်။

တောင်ကိုရီးယားကင်မ်ချီလုပ်ငန်းမှာ အချိန်အတော်ကြာ ကျဆင်းနေခဲ့ပြီး တရုတ်နိုင်ငံမှ တင်ပို့သည့် ဈေးသက်သာသော ကင်မ်ချီများက ပြည်တွင်းဈေးကွက်တွင် နေရာယူလာခဲ့သည်ဟု ဆိုသည်။ 

ပြီးခဲသည့် ဆယ်စုနှစ် (၂) ခုအတွင်း တရုတ်ကင်မ်ချီများ တောင်ကိုရီးယားသို့တင်ပို့မှု မြင့်တက်လာခဲ့ပြီး စီးပွားဖြစ် ထုတ်လုပ်ထားသည့် ကင်မ်ချီအတွက် ပြည်တွင်းဈေးကွက်၏ (၄၀) ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံမှ ကင်မ်ချီများဖြစ်ကြောင်း သိရသည်။

Source: Reuters

Photo: REUTERS/Kim Hong-Ji,