သမ္မတ ပူတင်ကို နုတ်ထွက်ရန် တောင်းဆိုခဲ့ကြသည့် ရုရှားနိုင်ငံရေးသမားများ ပါဝင်သော ဒေသဆိုင်ရာကောင်စီ ဖျက်သိမ်းခံရနိုင်

သမ္မတ ပူတင်ကို နုတ်ထွက်ရန် တောင်းဆိုခဲ့ကြသည့် ရုရှားနိုင်ငံရေးသမားများ ပါဝင်သော ဒေသဆိုင်ရာကောင်စီ ဖျက်သိမ်းခံရနိုင်
စက်တင်ဘာ 14, 2022 | နိုင်ငံတကာသတင်း
By Mr John

 ရုရှားသမ္မတဗလာဒီမာပူတင် ရာထူးမှ နုတ်ထွက်ရန် စုပေါင်းတောင်းဆိုခဲ့ကြသည့် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှ ဒေသဆိုင်ရာ နိုင်ငံရေးသမားအုပ်စုကို ဒေသစံတော်ချိန် စက်တင်ဘာလ (၁၃) ရက်နေ့တွင် တရားသူကြီးတစ်ဦး၏ စီရင်ဆုံးဖြတ်ချက်နောက်ပိုင်း ၎င်းတို့၏ ခရိုင်ကောင်စီ ဖျက်သိမ်းခံရနိုင်ကြောင်း ထိုနိုင်ငံရေးသမားများအနက်မှ တစ်ဦးက ပြောသည်။

ထိုတရားသူကြီးက ပြီးခဲ့သည့် ကောင်စီ အစည်းအဝေးများကို တရားမဝင်ကြောင်း ဆုံးဖြတ်ခဲ့ပြီး ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးက ခရိုင်ကောင်စီကို ဖျက်သိမ်းရန် လမ်းဖွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း ကောင်စီဝင်တစ်ဦးဖြစ်သူ နိုင်ငံရေးသမား Nikita Yuferev က ဆိုသည်။ 

နောက်ထပ် ကောင်စီဝင်တစ်ဦးဖြစ်သူ Dmitry Palyuga ၏ ပြောကြားမှုအရ သမ္မတပူတင် နုတ်ထွက်ရန် တောင်းဆိုခြင်းဖြင့် အာဏာပိုင်များကို ဂုဏ်သိက္ခာ ထိခိုက်စေမှုအတွက် ၎င်းကို ရူဘယ် (၄၇,၀၀၀) (အမေရိကန်ဒေါ်လာ ၇၈) ပေးဆောင်ရန် ထိုတရားသူကြီး၏ တရားရုံးကပင် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

စိန့်ပီတာစဘတ်မြို့ Smolninskoye ခရိုင်ကောင်စီ၏ နောက်ထပ် ကောင်စီအဖွဲ့ဝင် (၄) ဦးကိုလည်း လာမည့် (၂) ရက်အတွင်း တရားရုံးတွင် ကြားနာစစ်ဆေးမည်ဟု ဆိုသည်။ 

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ကောင်စီအဖွဲ့ဝင် နိုင်ငံရေးသမားအုပ်စုတစ်ခုက ယူကရိန်းတွင် ရုရှားစစ်တပ်၏ ဆုံးရှုံးမှုများနှင့် အနောက်အုပ်စုက အရေးယူပိတ်ဆို့မှုများကြောင့် နိုင်ငံ့စီးပွားရေး ထိခိုက်ရမှု အပါအဝင် အကြောင်းပြချက်များကို ကိုးကားလျက် သမ္မတပူတင်ကို နိုင်ငံတော်သစ္စာဖောက်မှုဖြင့် စွဲချက်တင်ပြီး ရာထူးမှ ဖယ်ရှားပေးရန် ရုရှားအောက်လွှတ်တော် State Duma သို့ တင်ပြခဲ့သည်။

စိန့်ပီတာစဘတ်၊ မော်စကိုနှင့် အခြား နယ်မြေများမှ အုပ်ချုပ်ရေးအဖွဲ့ ကိုယ်စားလှယ် (၆၅) ဦးကလည်း သမ္မတပူတင် နုတ်ထွက်ရန် စုပေါင်းလက်မှတ်ရေးထိုး တောင်းဆိုထားသည့် အိတ်ဖွင့်ပေးစာတစ်စောင်ကို စက်တင်ဘာလ (၁၂) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ 

ယခုအခြေအနေမှာ ပူတင်၏ အာဏာချုပ်ကိုင်ထားမှုကို လတ်တလော ခြိမ်းခြောက်မှု မရှိသော်လည်း ၎င်းကို ရာထူးမှ နုတ်ထွက်ရန် လူသိရှင်ကြား တောင်းဆိုလာခြင်းမှာ ရွေးကောက်ခံ ကိုယ်စားလှယ်များ၏ ရှားရှားပါးပါး သဘောထားကွဲလွဲမှု ဖြစ်လာသည်။

သီတင်းပတ်ကုန်တွင် ပြုလုပ်ခဲ့သည့် ဒေသဆိုင်ရာ ရွေးကောက်ပွဲများတွင် မဲမသမာမှုများရှိခြင်းနှင့် ယူကရိန်းတပ်ဖွဲ့များက တန်ပြန်ထိုးစစ်ဖြင့် နယ်မြေများပြန်သိမ်းခဲ့ပြီးနောက် ရုရှားသမ္မတပူတင်ကို ရာထူးမှ နုတ်ထွက်ရန် လူသိရှင်ကြား တောင်းဆိုမှုရှိလာခဲ့ခြင်းလည်း ဖြစ်သည်။ 

သမ္မတပူတင်၏ ယူကရိန်းကိုကျူးကျော်မှု လုပ်ရပ်များက ရုရှားနှင့် ၎င်း၏နိုင်ငံသားများ၏ အနာဂတ်ကို ထိခိုက်နစ်နာစေကြောင်း စိန့်ပီတာစဘတ်မြို့မှ ဒေသဆိုင်ရာ နိုင်ငံရေးသမားများ စုပေါင်းလက်မှတ်ရေးထိုးထားသည့် အိတ်ဖွင့်ပေးစာတွင် ပြောထားသည်။

ယူကရိန်းတွင် ယခင်က ရုရှားသိမ်းပိုက်ထားခဲသည့် အရှေ့မြောက်ပိုင်း Kharkiv နယ်မြေရှိ နေရာအများအပြားကို ယူကရိန်းတပ်ဖွဲ့များက လတ်တလော ရက်ပိုင်းအတွင်း တန်ပြန်ထိုးစစ်ဖြင့် ပြန်လည်ရယူခဲ့ပြီး ရုရှားတပ်ဖွဲ့များ ဆုတ်ခွာနေရကြောင်းလည်း သိရသည်။ 

ယူကရိန်းတပ်ဖွဲ့များက ယခင် ရုရှားသိမ်းပိုက်ခဲ့သည့် နိုင်ငံအရှေ့ပိုင်း နယ်မြေအကျယ်အဝန်း (၁,၁၆၀) စတုရန်းမိုင်နီးပါးကို ပြန်လည်ရယူနိုင်ခဲ့သည်။

Source: Reuters