ယူကရိန်းစစ်ပွဲတွင် ပါဝင်တိုက်ခိုက်နေသည့် ရုရှားကြေးစားတပ်ဖွဲ့ ဝက်ဂနာအဖွဲ့ (Wagner Group) ခေါင်းဆောင် Yevgeny Prigozhin က ၎င်း၏ တပ်ဖွဲ့များ ယူကရိန်းနိုင်ငံ Bakhmut မြို့မှ ဆုတ်ခွာတော့မည်ဖြစ်ကြောင်း မေလ (၆) ရက်နေ့တွင် ရုတ်တရက် ကြေညာလိုက်သည်။
"၂၀၂၃ ခုနှစ် မေလ (၁၀) ရက်နေ့မှာ Bakhmut မြို့မှာ နေရာယူထားမှုကို ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တပ်ဖွဲ့များထံ လွှဲပြောင်းသွားမှာဖြစ်ပြီး ပြန်လည်အားမွေးဖို့အတွက် ကျန်ရှိတဲ့ ဝက်ဂနာတွေက ထောက်ပံ့ပို့ဆောင်ရေးစခန်းများသို့ ဆုတ်ခွာမယ်ဆိုတာ တိုက်ခိုက်ရေးသမားတွေကိုယ်စား၊ ဝက်ဂနာတပ်မှူးများကိုယ်စား ကျွန်တော် ကြေညာပါတယ်" ဟု Prigozhin က ထုတ်ပြန်ချက်တွင် ပြောထားသည်။
ကြေးစားတပ်ဖွဲ့ခေါင်းဆောင် Prigozhin က ၎င်းတို့၏ နေရာတွင် ပုံမှန်တပ်ဖွဲ့မှ စစ်သားများ ထည့်သွင်းရန် ရုရှားကာကွယ်ရေးဦးစီးချုပ်များကို ပြောကြားခဲ့ကြောင်း သိရသည်။
ဝက်ဂနာအဖွဲ့က Bakhmut မြို့ကို သိမ်းပိုက်ရန် ပြီးခဲ့သည့် နွေရာသီကတည်းက ကြိုးပမ်းနေခဲ့မှုမှာ မအောင်ခဲ့ပေ။
Prigozhin က မေလ (၁၀) ရက်နေ့တွင် ၎င်းတို့ ဆုတ်ခွာမည်ဖြစ်ပြီး အရှည်ကြာဆုံးနှင့် သွေးထွက်သံယိုအဖြစ်ဆုံး Bakhmut တိုက်ပွဲတွင် ပါဝင်ပတ်သက်မှုကို အဆုံးသတ်သွားမည် ပြောသည်။
စစ်ပွဲအတွင်း ကြီးမားသည့် ဆုံးရှုံးမှုများနှင့် ခဲယမ်းအထောက်အပံ့ မလုံလောက်မှုတို့ကြောင့် ဝက်ဂနာကြေးစားတပ်ဖွဲ့က ပါဝင်တိုက်ခိုက်နေမှုကို အဆုံးသတ်ခြင်း ဖြစ်သည်။
Source: Reuters