မြ၀တီ - ကော့ကရိတ် လမ်းပိုင်းတွင် ဆက်ကြေးကောက်ခံနေသည့် နေရာတစ်နေရာကို ဝင်တိုက်ခိုက်ရာမှ စစ်တပ်ကောင်စီတပ်ဘက်က စစ်ကြောင်းမှူး အပါအဝင် (၂)ဦးသေဆုံး

 မြ၀တီ - ကော့ကရိတ် လမ်းပိုင်းတွင် ဆက်ကြေးကောက်ခံနေသည့် နေရာတစ်နေရာကို ဝင်တိုက်ခိုက်ရာမှ စစ်တပ်ကောင်စီတပ်ဘက်က စစ်ကြောင်းမှူး အပါအဝင် (၂)ဦးသေဆုံး
စက်တင်ဘာ 7, 2022 | အခြားဒေသများ

ကရင်ပြည်နယ်၊ မြ၀တီ - ကော့ကရိတ် (အာရှလမ်း) တနေရာတွင် စစ်ကောင်စီတပ်၏ ဆက်ကြေးကောက်ခံနေသော နေရာတစ်ခုကို  ဝင်တိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ စစ်ကြောင်းမှူး အပါအဝင် နှစ်ဦးသေကြောင်း ကျားသစ်နက်စစ်ကြောင်းက ယနေ့စက်တင်ဘာလ (၇)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

အဆိုပါ နေရာကို စက်တင်ဘာလ (၆)ရက်နေ့က ကျားသစ်နက်စစ်ကြောင်းနှင့် KNLA ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်၏ တပ်မ (၂၂) လက်အောက်ခံ ခလရ (၈၁)မှ စစ် ကြောင်းမှူး အပါအ၀င် နှစ်ဦးသေပြီး တစ်ဦး ပြင်းထန် ဒါဏ်ရာရှိခဲ့ကြောင်း သိရသည်။

"ကျွန်တော်ဘက်မှ ပြည်သူလူထု၏ မေတ္တာများကြောင့် ထိခိုက်မှု တစုံတရာမရှိခဲ့ဘဲ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ပါတယ်။ သေနတ်သွားကောက်စဉ် စခ(စစ်ခွေး) များရဲ့ပြန်လည် ပစ်ခတ်မှုကြောင့် သေနတ်တစ်လက်အား ကျည်ဆံထိမှန်ခဲ့ပါသည်။"ဟု ထုတ်ပြန်ထားသည်။

၎င်း တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီဘက်က အနီးအနားရှိ ကျေးရွာများအတွင်းသို့ ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ထီးမူးထ ရွာအတွင်းသို့ လက်နက်ကြီးကျည် (၃)လုံးကျရောက် ပေါက်ကွဲခဲ့၍ ပြည်သူ့နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ရပြီး ကျေးရွာမှ ရွာသားတစ်ဦးမှာ မစိုးရိမ်ရသည့် ထိခိုက်ဒါဏ်ရာ ရရှိခဲ့ပြီး  နွားတစ်ကောင် ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Black Panther Column