အရက်အမူးလွန်နေသည့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့က လေးကေကျေးရွာအတွင်း ဝင်ရောက်ပြီး ပစ်ခတ်မှုကြောင့် နေအိမ်(၃)လုံးထိမှန် ပျက်စီးပြီး ရွာကို မီးရှို့မည်ဟု ခြိမ်းခြောက်

အရက်အမူးလွန်နေသည့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့က လေးကေကျေးရွာအတွင်း ဝင်ရောက်ပြီး ပစ်ခတ်မှုကြောင့် နေအိမ်(၃)လုံးထိမှန် ပျက်စီးပြီး ရွာကို မီးရှို့မည်ဟု ခြိမ်းခြောက်
စက်တင်ဘာ 7, 2022 | အခြားဒေသများ

 မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာအတွင်း တပ်စွဲထားသည့် အာဏာသိမ်းစစ်ကောင်စီတပ်က အရက်မူးလွန်ကာ ပစ်ခတ်သဖြင့် ပြည်သူပိုင်အိမ် (၃)လုံး ထိမှန်ပျက်စီးခဲ့ပြီး ရွာကိုလည်း မီးရှို့မည်ဟုကြောင်း KNU ဗဟိုက ယနေ့ ၂၀၂၂ခုနှစ် စက်တင်ဘာလ (၇)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

စစ်ကောင်စီတပ်၏ စကခ-၈ လက်အောက်ခံ၊ ခမရ-၄၁၀ တပ်ဖွဲ့ တပ်သားများ အရက်မူးလွန်ကာ စက်တင်ဘာလ (၄)ရက်၊ ည ၉ နာရီ ဝန်းကျင်တွင် ကျေးရွာအတွင်းဝင်ရောက်ကာ ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကို လေးကေစစ်ကောင်စီ စခန်းမှူး ဥာဏ်လင်းအောင်မှ ဦးဆောင်ကာ လူနေအိမ်များဆီသို့ ချိန်ရွယ်ပစ်ခတ်ခြင်းဖြစ်ပြီး ပစ်ခတ်နေစဥ် ဆဲဆိုကြိမ်းမောင်းမှုများနှင့် တစ်ရွာလုံးကို မီးရှို့မည်ဟု ခြိမ်းခြောက်မှုများလည်းရှိကြောင်း သိရသည်။

"သူတိုလာပစ်တဲ့ အချိန်က ရွာသားတစ်ချို့လည်း အိပ်နေပြီ၊ ည (၉) နာရီဝန်းကျင်လောက်ကပါ၊ လက်နက်ငယ် (၃)လက်၊ စက်သေနတ် ၁လက်နဲ့ (79) လောင်ချာတစ်လက်ပါတယ်၊ မူးလည်းမူးနေကြတယ်၊ လူအင်အားက (၁၀)ယောက်ကျော်လောက်ရှိမယ်၊  ရွာသားတွေကို မင်းတို့ရွာက KNU ကို ထောက်ပံ့တဲ့ လူတွေ၊ KNUဆွေမျိုးတွေ၊ ရွာကို မီးရှို့မယ်လို့ ဥာဏ်လင်းအောင်က ပြောတယ်"ဟု KNU က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်မှ ပစ်ခတ်နေစဥ် ဒေသခံများ အိမ်ခန်းများအတွင်း ဝမ်းလျှားမှောက်ကာ ဝပ်နေကြရပြီး လူထိမှန်ခြင်း မရှိခဲ့သော်လည်း နေအိမ်အကာ ပျဥ်ချပ်များနှင့် အိမ်တွင်းပစ္စည်းများ ထိမှန် ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

လေးကေကျေးရွာတွင် တပ်စွဲထားသော အာဏာသိမ်း စစ်ကောင်စီ (စကခ ၈- ခမရ ၄၁၀) တပ်မှ စက်တင်ဘာလ (၁)ရက်နေ့က စခန်းကို အခိုင်အမာ တည်ဆောက်ရန် လေးကေရွာ၊ သူးကဘီးရွာ  နှင့် မြစ်ကျိုးရွာသားများထံ သစ်၊ ဝါးများ အဓမ္မတောင်းယူမှူများလည်း ရှိခဲ့သည်ဟု ဆိုသည်။

သြဂုတ်လ (၃၀)ရက်နေ့ ကလည်း KNLA၊ KNDO၊ မဟာမိတ်တော်လှန်ရေးအင်အားစုများနှင့် လေးကေစခန်းသို့ တပ်ချိန်းရန် စစ်ကြောင်းထိုးလာသော (စကခ ၈-ခမရ ၄၁၀)စစ်ကောင်စီတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ကာ စစ်ကောင်စီဖက်မှ (၆) ဦးသေ (၂) ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

 

Photo: KNU