ဆိုရှယ်မီဒီယာပို့စ်ကြောင့် ဆော်ဒီအမျိုးသမီးတစ်ဦး ထောင်ဒဏ် (၄၅) နှစ် ချမှတ်ခံရ

ထောင်ဒဏ် (၄၅) နှစ် ပြစ်ဒဏ်ချမှတ်ခံလိုက်ရသည့် ဆော်ဒီ အမျိုးသမီး Nourah bint Saeed al-Qahtani
ထောင်ဒဏ် (၄၅) နှစ် ပြစ်ဒဏ်ချမှတ်ခံလိုက်ရသည့် ဆော်ဒီ အမျိုးသမီး Nourah bint Saeed al-Qahtani
ဆိုရှယ်မီဒီယာပို့စ်ကြောင့် ဆော်ဒီအမျိုးသမီးတစ်ဦး ထောင်ဒဏ် (၄၅) နှစ် ချမှတ်ခံရ
စက်တင်ဘာ 1, 2022 | နိုင်ငံတကာသတင်း
By Mr John

ဆော်ဒီအာရေဗီးယားနိုင်ငံတွင် ၎င်း၏ ဆိုရှယ်မီဒီယာပို့စ်တစ်ခုကြောင့် အမျိုးသမီးတစ်ဦး ထောင်ဒဏ် (၄၅) နှစ် ပြစ်ဒဏ်ချမှတ်ခံလိုက်ရပြီး ဩဂုတ်လအတွင်း ဒုတိယမြောက် ထိုကဲ့သို့သောအမှု ဖြစ်လာကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ပြောသည်။ 

Nourah bint Saeed al-Qahtani အမည်ရှိ အမျိုးသမီးကို အင်တာနက်သုံးပြီး လူ့အဖွဲ့အစည်းကို ထိခိုက်စေမှုနှင့် အများပြည်သူ တည်ငြိမ်အေးချမ်းမှုကို ဆိုရှယ်မီဒီယာသုံးပြီး ချိုးဖောက်မှုတို့ဖြင့် အကြမ်းဖက်မှုဆိုင်ရာ တရားရုံးက ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း လူ့အခွင့်အရေးအုပ်စု Dawn က သတင်းထုတ်ပြန်သည်။

ပြစ်ဒဏ်ချမှတ်ခံရသည့် အမျိုးသမီးအကြောင်းကို အနည်းအကျဥ်းမျှသာ သိရှိထားကြပြီး ၎င်းက ဆော်ဒီခေါင်းဆောင်များကို ဝေဖန်ခဲ့သည်ဟု ဆိုသည်။ 

ဩဂုတ်လ (၉) ရက်နေ့ကလည်း နောက်ထပ်အမျိုးသမီးတစ်ဦးကို ၎င်း၏ Twitter အသုံးပြုမှုနှင့် ပတ်သက်၍ ထောင်ဒဏ် (၃၄) နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။ 

Qahtani ၏ အမှုကိစ္စကို တရားစီရင်ရေး သတင်းရင်းမြစ်တစ်ခုက လွှဲပြောင်းပေးအပ်သည့် တရားရုံးစာရွက်စာတမ်းများအရ သိရှိရခြင်းဖြစ်ပြီး ဆက်လက် စုံစမ်းစစ်ဆေးနေကြောင်း Dawn (Democracy for the Arab World Now) အဖွဲ့မှ ပင်လယ်ကွေ့ဒေသဆိုင်ရာ သုတေသန ညွှန်ကြားရေးမှူး Abdullah Alaoudh က ဆိုသည်။

"သူမရဲ့ တရားရုံး စာရွက်စာတမ်းတွေထဲမှာ အကြမ်းဖက်မှု သို့မဟုတ် ရာဇဝတ်မှုနဲ့ ဆက်စပ်တာ မတွေ့ရဘူး။ သူမကို တရားစွဲဆိုထားတဲ့ စွဲချက်တွေက လုံးဝ ချဲ့ကားထားတာပဲ။ သူတို့က အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ ဆိုက်ဘာရာဇဝတ်မှုတိုက်ဖျက်ရေးဥပဒေကို အသုံးချနေကြတယ်။ ဒီဥပဒေတွေက အစိုးရကို အဝေးတစ်နေရာကနေ ဝေဖန်ရင်တောင်မှ ရာဇဝတ်မှုမြောက်နိုင်တယ်" ဟု ၎င်းက ပြောသည်။

ဆော်ဒီတွင် ယမန်နှစ်အတွင်းက အခြား အမျိုးသမီး တက်ကြွလှုပ်ရှားသူများမှာလည်း ဆိုရှယ်မီဒီယာပို့စ်များနှင့် ဆက်စပ်ပြီး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း သိရသည်။ 

၎င်းတို့ကိုလည်း နှစ်ရှည်ထောင်ဒဏ်များ ချမှတ်မည်ကို စိုးရိမ်ပူပန်ကြောင်း Abdullah Alaoudh က ဆိုသည်။ 

"ဆော်ဒီအစိုးရက လူ့အခွင့်အရေးကို ဂရုမစိုက်ဘူးဆိုတာ အနောက်အုပ်စုကို ခိုင်ခိုင်မာမာ အချက်ပြလိုက်တာပဲ" ဟု ၎င်းက ပြောသည်။

ယခုသတင်းအပေါ် ဆော်ဒီအာဏာပိုင်များ သို့မဟုတ် အစိုးရမီဒီယာက လတ်တလော အတည်ပြုခြင်း မရှိသေးဟု ဆိုသည်။ 

ဩဂုတ်လ (၉) ရက်နေ့ကလည်း Leeds တက္ကသိုလ်တွင် ပါရဂူဘွဲ့အတွက် ကျောင်းတက်နေသည့် Salma al-Shehab အမည်ရှိ အမျိုးသမီးကို ဆိုရှယ်မီဒီယာပို့စ်ကြောင့် ထောင်ဒဏ် (၃၄) နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

Salma က ၂၀၂၁ ခုနှစ် ဇန်နဝါရီလက အားလပ်ရက်ကာလ ဆော်ဒီကို ရောက်ရှိနေစဥ် အဖမ်းခံခဲ့ရပြီးနောက် အများပြည်သူ တည်ငြိမ်အေးချမ်းမှုကို နှောင့်ယှက်ဖျက်ဆီးသူများကို အကူအညီပေးမှုနှင့် မမှန်ကန်သော ကောလာဟလများ ဖြန့်ဝေမှုတို့အတွက် အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့သည်။ 

အင်္ဂလန်သို့ မထွက်ခွာမီ အသက် (၃၄) နှစ်အရွယ် Salma က ပြုပြင်ပြောင်းလဲရေးနှင့် အကျဥ်းချထားသည့် ထင်ရှားသော တက်ကြွလှုပ်ရှားသူများနှင့် ပညာတတ်များကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

ဆော်ဒီအိမ်ရှေ့မင်းသား Mohammed bin Salman ကြီးကြပ်ကွပ်ကဲနေသည့် သဘောထားကွဲလွဲ ဆန့်ကျင်သူများကို ဖြိုခွဲမှုအရ တက်ကြွလှုပ်ရှားသူများနှင့် ပညာတတ်များကို ဖမ်းဆီးထောင်ချခဲ့ခြင်းလည်း ဖြစ်သည်။ 

Qahtani အမှုမတိုင်မီက Salman ၏ ထောင်ဒဏ်ပြစ်ဒဏ်မှာ ဆော်ဒီတွင် ငြိမ်းချမ်းသောနည်းလမ်းဖြင့် တက်ကြွလှုပ်ရှားသူတစ်ဦးကို ချမှတ်လိုက်သည့် နှစ်အရှည်ကြာဆုံး ထောင်ဒဏ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

Source: BBC