ရန်ကုန်တိုင်း၊ အင်းစိန်အကျဥ်းထောင်၏ အပြင်ဘက်ခြမ်းရှိ အရာရှိများ အိမ်ယာနှင့် လုံခြုံရေးတပ်စွဲထားသော စစ်ကောင်စီဂိတ်တဲကို ၆၀ မမစိန်ပြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F က ယနေ့ ဩဂုတ်လ (၂၃)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။
အဆိုပါ နေရာများကို ဩဂုတ်လ(၂၂)ရက်နေ့ နံနက်ပိုင်းက ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အရာရှိများနေထိုင်သည့် အိမ်ယာသို့ ဗုံးသီးနှစ်ချက်နှင့် စစ်ကောင်စီတပ်သား (၂၀)ခန့် တပ်စွဲထားသည့် ဂိတ်တဲအား ဗုံးသီးနှစ်ချက်စီဖြင့် စုစုပေါင်း ဗုံးသီးလေးချက် ပစ်ခတ်နိုင်ခဲ့ကြောင်း သိရသည်။
ပစ်ခတ်တိုက်ခိုက်မှုအပြီး လူနာတင်ယာဥ် သုံးစီးနှင့် DC နှစ်စီးဝင်လာကာ သေဆုံးနိုင်ခြေရှိသူများနှင့် ပြင်းထန်ဒဏ်ရာရသူ (၁၃)ဦးဝန်းကျင်အား လာရောက်ထုတ်ယူသွားကြကြောင်း သိရသည်။
အခြားဒဏ်ရာရသူများအား ထောင်ဝန်းအတွင်းနေရာသို့ ဝှက်၍ကုသနေကြကာ ဝန်ထမ်းအဆောင်တစ်ခု အမိုးများအုတ်နံရံများပြိုကျပျက်စီးခဲ့ပြီး ၎င်းနေရာအား ပိတ်ဆို့ ကာရံထားသည့်အပြင် ဝန်ထမ်းများအားလုံးကို ပြင်ပနှင့်အဆက်အသွယ်ဖြတ်ထားကြောင်း သိရသည်။
Video: အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F