ဒေါ်အောင်ဆန်းစုကြည်နှင့် အာဆီယံအထူးကိုယ်စားလှယ် တို့ တွေ့ဆုံခွင့်ရမည့် အခြေအနေ ရှိနေ

ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်ပြီး အာဆီယံအထူးကိုယ်စားလှယ် လည်းဖြစ်သူ ပရက်ဆော့ခွန်
ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်ပြီး အာဆီယံအထူးကိုယ်စားလှယ် လည်းဖြစ်သူ ပရက်ဆော့ခွန်
ဒေါ်အောင်ဆန်းစုကြည်နှင့် အာဆီယံအထူးကိုယ်စားလှယ် တို့ တွေ့ဆုံခွင့်ရမည့် အခြေအနေ ရှိနေ
ဇူလိုင် 23, 2022 | နိုင်ငံတကာသတင်း
By Mr John

 ဒေါ်အောင်ဆန်းစုကြည်နှင့် အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းတို့ တွေ့ဆုံခွင့်ရရန် အလား အလာကောင်းရှိသည်ဟု အာဏာသိမ်း စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကတိပြုခဲ့ကြောင်း ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ပရက်ဆော့ခွန်းက ပြောသည်။

ပရက်ဆော့ခွန်းက မြန်မာနိုင်ငံသို့ တရားဝင်ခရီးစဥ် (၂) ကြိမ် လာရောက်ခဲ့ပြီး ထိုခရီးစဥ်များအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်တောင်းဆိုခဲ့သော်လည်း စစ်အုပ်စုက ခွင့်မပြုခဲ့ပေ။ 

အာဆီယံအထူးကိုယ်စားလှယ်က ဒေါ်အောင်ဆန်းစုကြည်မှာ မြန်မာ့နိုင်ငံရေးတွင် အရေးအပါဆုံးသူဟု ရှုမြင်ထားပြီး သူမ၏ပါဝင်မှုက အားလုံးပါဝင်သော ဆွေးနွေးရေးတွင် ရှေ့ပြေးဖြစ်မည်ဟု ပြောကြောင်း ဇူလိုင်လ (၂၂) ရက် Phnom Penh Post သတင်းတွင် ဖော်ပြသည်။

ပရက်ဆော့ခွန်းက စစ်အုပ်စုခေါင်းဆောင် လက်မှတ်ရေးထိုး သဘောတူညီထားခဲ့သည့် အာဆီယံ ဘုံသဘောတူညီချက် (၅) ချက် အကောင်အထည်ဖော်ရာတွင် တိုးတက်မှုများနှင့် ပတ်သက်၍ ဇွန်လ (၂၉) ရက်မှ ဇူလိုင်လ (၃) ရက်အထိ မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် တရားဝင်ခရီးစဥ် သွားရောက်ခဲ့သည်။ 

၎င်းက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရန် စစ်အုပ်စုခေါင်းဆောင်ကို အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း တွေ့ခွင့်မရခဲ့ပေ။

ပရက်ဆော့ခွန်းက မြန်မာနိုင်ငံသို့ တတိယအကြိမ် တရားဝင် ခရီးစဥ်သွားရောက်ရန် စီစဥ်နေပြီး အကယ်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရပါက အကြမ်းဖက်မှုများ အဆုံးသတ်ရန် သူမ၏ ဩဇာလွှမ်းမိုးမှုကို အသုံးပြုလိုကြောင်း ဇူလိုင်လ (၂၀) ရက်နေ့တွင် ထုတ်ဖော်ပြောခဲ့သည်။ 

လာမည့် စက်တင်ဘာလ ဒုတိယပတ်အတွင်း သွားရောက်ရန် မျှော်လင့်ထားကြောင်းနှင့် အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့တွင် စက်တင်ဘာလ (၁၃) ရက်မှ (၂၇) ရက်အထိ ကျင်းပပြုလုပ်မည့် ကုလသမဂ္ဂအထွေထွေညီလာခံ မတိုင်မီတွင်ဖြစ်ကြောင်း CNA သတင်းဌာနကို ပြောခဲ့သည်။

Source: Phnom Penh Post