ဟင်းသီး ဟင်းရွက် စိုက်ခင်းထဲ အမှိုက်ပစ်သည့် ကိစ္စကြောင့် အသက်(၇၀)ကျော် ညီအစ်ကို အချင်းချင်း စကားများရာမှ လူသတ်မှု ဖြစ်ပွား

ဟင်းသီး ဟင်းရွက် စိုက်ခင်းထဲ အမှိုက်ပစ်သည့် ကိစ္စကြောင့် အသက်(၇၀)ကျော် ညီအစ်ကို အချင်းချင်း စကားများရာမှ လူသတ်မှု ဖြစ်ပွား
By Mr John

 ထိုင်းနိုင်ငံ ဘန်ကောက်တွင် ဟင်းသီးဟင်းရွက် စိုက်ခင်းထဲသို့ အမှိုက်များ စွန့်ပစ်မှုနှင့် ပတ်သက်ပြီး  အသက် (၇၀) ကျော်အရွယ် ညီအစ်ကို အချင်းချင်း စကားများပြီး ရိုက်နှက်ကြရာမှ လူသတ်မှု အထိ ဖြစ်ပွားခဲ့သည်။ 

ဘန်ကောက်မြို့ ခလောင်ဆမ်ခရိုင်အတွင်းရှိ ကျူးကျော်နေအိမ် တစ်အိမ်ထဲတွင်  ၂၀၂၄ ခုနှစ် မေလ (၁၆) ရက်နေ့က ဖြစ်ပွားခြင်းဖြစ်ပြီး လူသတ်မှုမှာ အသက် (၇၄) နှစ်အရွယ် Wisut Chaipreeda နှင့် ၎င်း၏ ညီ အသက် (၇၃) နှစ်အရွယ် Lek တို့အကြား စကားများကြရာမှ စတင်ခဲ့ခြင်း ဖြစ်သည်။ 

ညီဖြစ်သူ Lek က Wisut ၏ ဟင်းသီးဟင်းရွက် စိုက်ခင်းထဲသို့ အမှိုက်စွန့်ပစ်တတ်သည့် ကိစ္စနှင့် ပတ်သက်၍ ၎င်းတို့နှစ်ဦး စကားများခဲ့ကြပြီးနောက် လူသတ်မှုအထိ ဖြစ်ပွားခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာများက နေအိမ်သို့ သွားရောက်ပြီး စစ်ဆေးမှုများ ပြုလုပ်ရာ နေအိမ်တွင် ညီအစ်ကို နှစ်ဦးအနက် အကြီးဆုံးတစ်ဦးကို ဘယ်ဖက် လက်မောင်းတွင် ဓါးဒဏ်ရာ (၂)ချက်ရရှိထားပြီး ခန္ဓာကိုယ်တွင် သွေးများ ပေကျံနေသည့် အနေအထားဖြင့် တွေ့ရသည်။

ရဲတပ်ဖွဲ့ပါဝင်သည့် ပူးပေါင်းအဖွဲ့က အခင်းဖြစ်ပွားရာ နေအိမ်အတွင်း ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ရာတွင်   သွေးစွန်းနေသော မီးဖိုချောင်သုံး ဓားတစ်ချောင်းကို တွေ့ရှိရသလို  အရှည် (၁) ပေခန့်ရှိ သွေးစွန်းနေသော စားပွဲခြေထောက် သစ်သားချောင်း တစ်ချောင်းကိုလည်း ထပ်တွေ့ခဲ့ရကြောင်း သိရသည်။

ဆက်လက်၍ နေအိမ်တဝိုက်ကို  ရှာဖွေစစ်ဆေးခဲ့ကြရာ ညီဖြစ်သူ Lek ကို ခန့်မှန်းခြေ (၁) မီတာ အနက်ရှိ ရေတွင်းတစ်ခုထဲတွင်  နစ်မြုပ်လျက်သား တွေ့ခဲ့ကြရသည်။ 

ရဲအရာရှိများက ၎င်းကို ရေတွင်းထဲမှ ဆယ်ယူခဲ့ကြသော်လည်း Lek မှာ ရိုက်နှက် တိုက်ခိုက်ခံရမှုကနေ ရရှိထားသည့် ဒဏ်ရာများကြောင့် သေဆုံးပြီးသား ဖြစ်နေသည်။

ရဲတပ်ဖွဲ့က  သေဆုံးသူ၏ အစ်ကိုဖြစ်သူ Wisut ကို စစ်ဆေးမေးမြန်းရာတွင် ညီဖြစ်သူမှာ ၎င်း၏ ဟင်းသီးဟင်းရွက် စိုက်ခင်းထဲသို့ ကျူးကျော်ကာ အမှိုက်များ စွန့်ပစ်လေ့ရှိခြင်းကြောင့် မကျေမနပ်ဖြစ်ကာ စကားများရာမှ ညီဖြစ်သူ Lek ၏ မျက်နှာကို အကြိမ်ကြိမ် ထိုးကြိတ်ခဲ့ပြီး ဦးခေါင်းကို စားပွဲခြေထောက် သစ်သားချောင်းဖြင့် ရိုက်နှက်ခဲ့ကြောင်းနှင့် ထို့နောက် ရေတွင်းတစ်ခုထဲသို့ ဆွဲချထားခဲ့ကြောင်း ဝန်ခံထွက်ဆိုသည်။ 

 

ဟင်းသီးဟင်းရွက် စိုက်ခင်းကိစ္စ စကားများ ရန်ဖြစ်ကြသည့် ဖြစ်ရပ်အတွင်း သေဆုံးသူ ညီဖြစ်သည့် Lek က ၎င်းကို ဓားဖြင့်ထိုးခဲ့မှုကြောင့် ဒဏ်ရာရခဲ့ကြောင်းလည်း Wisut က ထုတ်ဖော်ပြောခဲ့သည်။ 

Wisut ကို ကြိုတင်ကြံရွယ် လူသတ်မှုဖြင့် ပဏမ စွဲချက်တင်ထားပြီး နောက်ထပ် စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေစဥ်အတွင်း Samre ရဲဌာနက ချုပ်ရက်ရမန်ရယူကာ ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

 

Source: The Thaiger