ယူကရိန်းနိုင်ငံအတွင်း ရှေ့တန်းစစ်မျက်နှာနှင့် ဝေးကွာသည့် မြို့တစ်မြို့ကို ရုရှားက ဒုံးကျည်ဖြင့် တိုက်ခိုက်၍  လူ (၂၃) ဦး သေဆုံး

ယူကရိန်းနိုင်ငံအတွင်း ရှေ့တန်းစစ်မျက်နှာနှင့် ဝေးကွာသည့် မြို့တစ်မြို့ကို ရုရှားက ဒုံးကျည်ဖြင့် တိုက်ခိုက်၍  လူ (၂၃) ဦး သေဆုံး
ဇူလိုင် 15, 2022 | နိုင်ငံတကာသတင်း
By Mr John

 ယူကရိန်းနိုင်ငံအရှေ့ပိုင်း ရှေ့တန်းစစ်မျက်နှာနေရာနှင့် ဝေးကွာသည့် မြို့တစ်မြို့ကို ရုရှားဒုံးကျည်များ ထိမှန်ခဲ့မှုကြောင့် ကလေးငယ် (၃) ဦး အပါအဝင် အနည်းဆုံး လူ (၂၃) ဦး သေဆုံးခဲ့ကြောင်း ယူကရိန်းအစိုးရတာဝန်ရှိသူတွေက ပြောသည်။ 

ယူကရိန်းမြို့တော် ကိဗ်မြို့၏ အနောက်တောင်ဘက်ရှိ Vinnytsia မြို့တွင် ဒုံးကျည်ဖြင့်တိုက်ခိုက်ခံရမှုအတွင်း နောက်ထပ် လူ (၁၀၀) ကျော်လည်း ဒဏ်ရာရခဲ့ကြောင်းနှင့် ထိုမြို့မှာ ဒွန်ဘတ်စ်ဒေသတွင် တိုက်ပွဲများ အဓိကဖြစ်ပွားနေသည့်နေရာနှင့် များစွာဝေးကွာကြောင်း သိရသည်။

ရုရှားဒုံးကျည် (၃) စင်းက ရုံးခန်းအဆောက်အအုံတစ်ခုကို ထိမှန်ခဲ့ပြီး လူနေအဆောက်အအုံများ ပျက်စီးခဲ့သည်ဟု ဆိုသည်။ 

ယူကရိန်းသမ္မတ ဗိုလိုဒီမြာဇီလန်းစကီးက ယခုဖြစ်ရပ်ကို ဗြောင်ကျကျ အကြမ်းဖက်လုပ်ရပ်တစ်ခုအဖြစ် ပြောဆိုခဲ့သည်။ 

ဇူလိုင်လ (၁၄) ရက် ဒေသစံတော်ချိန် နံနက် (၁၀) နာရီ (၅၀) မိနစ်ဝန်းကျင်က အထပ် (၉) ထပ်ပါ ရုံးခန်းအဆောက်အအုံ၏ ကားရပ်နားနေရာကို ဒုံးကျည်များထိမှန်ခဲ့ကြောင်း ယူကရိန်းအရေးပေါ်ဌာနက ပြောသည်။

လူဦးရေ (၃၇၀,၀၀၀) နေထိုင်ကြသည့် Vinnytsia မြို့လယ်ရှိ လူနေအဆောက်အအုံများကိုလည်း ဒုံးကျည်ထိမှန်ခဲ့သည်ဟု ဆိုသည်။ 

Vinnytsia မြို့တွင် ရုရှားဒုံးကျည်များ ထိမှန်ခဲ့ပြီးနောက် လူ (၃၉) ဦး ပျောက်ဆုံးနေကြောင်း ယူကရိန်းရဲတပ်ဖွဲ့ အကြီးအကဲ Ihor Klymenko ကပြောသည်။ 

ဒုံးကျည်ထိမှန်မှုကြောင့် အဆောက်အအုံ (၅၀) ကျော်နှင့် ကားအစီးရေ (၄၀) ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်းလည်း ၎င်းကဆိုသည်။

ပင်လယ်နက်အတွင်းရှိ ရုရှားရေငုပ်သင်္ဘောတစ်စီးက Kalibr ခရုစ်ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယူကရိန်းသမ္မတရုံး လက်ထောက်အကြီးအကဲ Kyrylo Tymoshenko ၏ ပြောသည်။ 

ရုရှားကာကွယ်ရေးဝန်ကြီးဌာနကမူ အရပ်သားများကို ပစ်မှတ်ထားခြင်းမရှိကြောင်း ငြင်းဆိုထားပြီး ယခုတိုက်ခိုက်မှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ပြောကြားခြင်း မရှိသေးဟု ဆိုသည်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က ရုရှားက Vinnytsia မြို့ကို တိုက်ခိုက်ပြီး နောက်ထပ် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်း စွပ်စွဲခဲ့သည်။ 

"ယူကရိန်းတွေရဲ့ သွေးနဲ့မျက်ရည် တစ်စက်တိုင်းအတွက် ကျွန်တော်တို့ ရုရှားကို စစ်ရာဇဝတ်မှုနဲ့ တရားစွဲမယ်" ဟု နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့သည်။ 

Vinnytsia မြို့မှာ တိုက်ပွဲများဖြစ်ပွားနေသည့် ယူကရိန်းအရှေ့ပိုင်း ရှေ့တန်းစစ်မျက်နှာနှင့် များစွာဝေးကွာရာ မြို့ခံများက အခြားနေရာများထက် ဘေးကင်းလုံခြုံသည်ဟု နားလည်ထားစဥ် ဒုံးကျည်ဖြင့် တိုက်ခိုက်ခံခဲ့ရခြင်းလည်း ဖြစ်သည်။



Source: BBC, Reuters, CNN

Photo: REUTERS, STATE EMERGENCY SERVICE OF UKRAINE,  REUTERS/Gleb Garanich