ကနေဒါနိုင်ငံအတွင်း ဘဏ်တစ်ခုတွင် အပြန်အလှန် ပစ်ခတ်မှုကြောင့် အမျိုးသား (၂) ဦး သေဆုံးကာ ရဲအရာရှိ (၆) ဦး ဒဏ်ရာရ

Photo:  REUTERS/Kevin Light
Photo: REUTERS/Kevin Light
ကနေဒါနိုင်ငံအတွင်း ဘဏ်တစ်ခုတွင် အပြန်အလှန် ပစ်ခတ်မှုကြောင့် အမျိုးသား (၂) ဦး သေဆုံးကာ ရဲအရာရှိ (၆) ဦး ဒဏ်ရာရ
By Mr John

 ကနေဒါနိုင်ငံ British Columbia ပြည်နယ်အတွင်းရှိ ဘဏ်တစ်ခုတွင် ဇွန်လ (၂၈) ရက်နေ့က ဖြစ်ပွားခဲ့သည့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုအတွင်း အမျိုးသား (၂) ဦး သေဆုံးပြီး ရဲအရာရှိ (၆) ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

 ဖောက်ခွဲရေးပစ္စည်းဖြစ်နိုင်သည့်အရာ တွေ့ရှိရမှုကြောင့် ဘဏ်အနီးအနားတွင် နေထိုင်သူများကို ရွှေ့ပြောင်းခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ 

အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ်နှင့် နယ်စပ်အနီး Vancouver ကျွန်းပေါ်ရှိ Saanich နယ်မြေအတွင်း Bank of Monteral ဘဏ်တွင် ဇွန်လ (၂၈) ရက် ဒေသစံတော်ချိန် နံနက် (၁၁) နာရီဝန်းကျင်က ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

သံသယရှိသူ (၂) ဦး၏ ကားအတွင်း ဖြစ်နိုင်ခြေရှိသည့် ပေါက်ကွဲစေနိုင်သောပစ္စည်း တွေ့ရှိရမှုကြောင့် ပစ်ခတ်မှုဖြစ်ပွားသည့် နေရာနှင့်နီးကပ်သော နေအိမ်နှင့် စီးပွားရေးလုပ်ငန်းများတွင် ရွှေ့ပြောင်းရေးလုပ်ဆောင်ခဲ့သည်ဟု Saanich ရဲတပ်ဖွဲ့က ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ 

နောက်ပိုင်းတွင် ရဲတပ်ဖွဲ့က အဆောက်အအုံအတွင်း နေထိုင်ကြရန် ညွှန်ကြားချက်ကို ရုပ်သိမ်းလိုက်သော်လည်း ဘဏ်အနီးတဝိုက်ကို ပိတ်ထားခဲ့သည်။

သံသယရှိသူများထံတွင် လက်နက်အများအပြား ပါရှိကြောင်းနှင့် ကနဦး အစီရင်ခံမှုများအရ ၎င်းတို့က လက်နက်ထည့်နိုင်သောအင်္ကျီ ဝတ်ဆင်ထားသည်ဟု Saanich ရဲတပ်ဖွဲ့အကြီးအကဲ Dean Duthie က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

 အပြန်အလှန် ပစ်ခတ်မှုအတွင်း ဒဏ်ရာရခဲ့သည့် ရဲအရာရှိ (၆) ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ၎င်းတို့အနက်မှ အချို့မှာ မကြာမီ ဆေးရုံဆင်းနိုင်မည်ဖြစ်သော်လည်း ဒဏ်ရာအလွန်ပြင်းထန်ပြီး ခွဲစိတ်ကုသရန် လိုအပ်သူများလည်းရှိကြောင်း Duthie က ဆိုသည်။

Source: Reuters