အမေရိကန်တရားရုံးချုပ်က  ကိုယ်ဝန်ဖျက်ချပိုင်ခွင့် ပယ်ဖျက် 

Photo: AP
Photo: AP
အမေရိကန်တရားရုံးချုပ်က  ကိုယ်ဝန်ဖျက်ချပိုင်ခွင့် ပယ်ဖျက် 
By Mr John

 အမေရိကန်တွင် အမျိုးသမီးများ ကိုယ်ဝန်ဖျက်ချခွင့်ကို တစ်နိုင်ငံလုံး၌ တရားဝင်ခွင့်ပြုထားသည့် နှစ်ပေါင်း (၅၀) ကြာပြီဖြစ်သော စီရင်ဆုံးဖြတ်ချက်ကို တရားရုံးချုပ်က ပယ်ဖျက်လိုက်ပြီဖြစ်ရာ သန်းနှင့်ချီသည့် အမေရိကန်အမျိုးသမီးများ တရားဝင် ကိုယ်ဝန်ဖျက်ချပိုင်ခွင့်ရှိတော့မည် မဟုတ်ကြောင်း သိရသည်။ 

တရားရုံးချုပ်က ၁၉၇၃ ခုနှစ်တွင် ချမှတ်ထားခဲ့သော သမိုင်းဝင် Roe v Wade ဆုံးဖြတ်ချက်‌ဟု ခေါ်ဝေါ်ကြသည့် အမေရိကန်အမျိုးသမီးများ ကိုယ်ဝန်ဖျက်ချခွင့်ရှိကြောင်း စီရင်ဆုံးဖြတ်ချက်ကို ပယ်ဖျက်လိုက်ခြင်း ဖြစ်သည်။

တရားရုံးချုပ်က ထိုဆုံးဖြတ်ချက်ကို ပယ်ဖျက်ကြောင်း မကြေညာမီ ရက်သတ္တပတ်များကတည်းက မကြုံစဖူး ပေါက်ကြားခဲ့သော စာရွက်စာတမ်းများအရ ထိုသို့ ပယ်ဖျက်သွားမည်ဖြစ်ကြောင်း ကြိုတင်သိရှိထားခဲ့ကြပြီးလည်း ဖြစ်သည်။ 

တရားရုံးချုပ်က ထိုသို့ ပယ်ဖျက်ကြောင်း စီရင်ဆုံးဖြတ်လိုက်ခြင်းမှာ အမေရိကတွင် ကိုယ်ဝန်ဖျက်ချမှုကို ပြောင်းလဲစေမည်ဟု ဆိုသည်။ 

တရားရုံးချုပ်၏ ဆုံးဖြတ်ချက်အရ ယခုအခါ ပြည်နယ်တစ်ခုချင်းစီက ကိုယ်ဝန်ဖျက်ချမှုကို တားမြစ်နိုင်ပြီ ဖြစ်သည်။

အမေရိကန်၏ ပြည်နယ်အရေအတွက် ထက်ဝက်က ကိုယ်ဝန်ဖျက်ချမှုနှင့် ပတ်သက်၍ ကန့်သတ်ချက်အသစ်များ သို့မဟုတ် တားမြစ်မှုများ ဆောင်ရွက်လာမည်ဟု မျှော်လင့်ရသည်။  

တရားရုံးချုပ်၏ ဆုံးဖြတ်ချက်ထုတ်ပြန်လိုက်သည်နှင့် ပြည်နယ် (၁၃) ခုတွင် ကိုယ်ဝန်ဖျက်ချမှုကို တရားမဝင်ကြောင်း သတ်မှတ်သည့်ဥပဒေ အလိုအလျောက် သက်ရောက်မည်ဖြစ်သည်ဟု ဆိုသည်။ 

အခြား ပြည်နယ်အများအပြားကလည်း ကိုယ်ဝန်ဖျက်မှုကို ကန့်သတ်ချက်အသစ်များ အလျင်အမြန် ထုတ်ပြန်လာနိုင်ကြောင်း သိရသည်။

"ဖွဲ့စည်းပုံအခြေခံဥပဒေက ကိုယ်ဝန်ဖျက်ချခွင့် မပေးထားကြောင်းနှင့် ကိုယ်ဝန်ဖျက်ချမှုကို ထိန်းချုပ်ရန် အခွင့်အာဏာကို ပြည်သူများနှင့် ၎င်းတို့၏ ရွေးကောက်ခံကိုယ်စားလှယ်များထံ ပြန်လည်အပ်နှင်းရမည်" ဟု တရားရုံးချုပ်၏ စီရင်ဆုံးဖြတ်ချက်တွင် ပါရှိသည်။ 

ယခုဆုံးဖြတ်ချက် ထုတ်ပြန်သည့် ဇွန်လ (၂၄) ရက်နေ့တွင် ကိုယ်ဝန်ဖျက်ချမှုကို ထောက်ခံသည့် တက်ကြွလှုပ်ရှားသူများအုပ်စုနှင့် ကိုယ်ဝန်ဖျက်ချမှုကို ဆန့်ကျင်ကန့်ကွက်သည့် တက်ကြွလှုပ်ရှားသူများအုပ်စု နှစ်ခုလုံးက အမေရိကန်တရားရုံးချုပ်သို့ စုရုံးချီတက်ခဲ့ကြသည်ဟု သိရသည်။

အမေရိကန်တရားရုံးချုပ်၏ ဆုံးဖြတ်ချက်ထုတ်ပြန်လိုက်သည်နှင့် ကိုယ်ဝန်ဖျက်ချမှုကို တရားမဝင်ကြောင်း သတ်မှတ်သည့်ဥပဒေ အလိုအလျောက် သက်ရောက်မည့် ပြည်နယ်များမှာ အာကင်ဆက်၊ အိုင်ဒဲဟို၊ ကင်တက်ကီ၊ လူဝီစီးယားနား၊ မစ္စစ္စပီ၊ မစ်ဆူရီ၊ မြောက်ဒါကိုတာ၊ အိုကလာဟိုးမား၊ တောင်ဒါကိုတာ၊ တင်နက်ဆီ၊ တက္ကဆက်၊ ယူတားနှင့် ဝိုင်အိုမင်ပြည်နယ်တို့ဖြစ်သည်။

Source: BBC, Reuters