မွမ်းမံထားသော COVID-19 ကာကွယ်ဆေးများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုရန် အမေရိကန် CDC အကြံပြု

မွမ်းမံထားသော COVID-19 ကာကွယ်ဆေးများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုရန် အမေရိကန် CDC အကြံပြု
စက်တင်ဘာ 21, 2023 | နိုင်ငံတကာသတင်း| Covid-19
By Mr John

 အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန Centers for Disease Control and Prevention (CDC) ညွှန်ကြားရေးမှူးက အစိုးရ အတည်ပြုချက်ရရှိထားသည့် မွမ်းမံထားသော COVID-19 ကာကွယ်ဆေးများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုရန် စက်တင်ဘာလ၏ ဒုတိယပတ်အတွင်းက ထောက်ခံအကြံပြုချက် ထုတ်ပြန်ခဲ့သည်။

အမေရိကန်တွင် မွမ်းမံထားသော COVID-19 ကာကွယ်ဆေးများကို အသက် (၆) လနှင့်အထက်ကို ထိုးပေးသွားမည်ဖြစ်ပြီး ရက်ပိုင်းအတွင်း ကာကွယ်ဆေးထိုး အစီအစဥ် စတင်ရန် ပြင်ဆင်နေသည်။ 

CDC အကြံပေးအဖွဲ့က Pfizeer နှင့် ၎င်း၏မိတ်ဖက် BioNTech တို့က ထုတ်လုပ်သော ကာကွယ်ဆေးနှင့် Moderna ကုမ္ပဏီထုတ် ကာကွယ်ဆေးများ ထိုးသင့်ကြောင်း ထောက်ခံမဲ (၁၃) မဲ၊ ကန့်ကွက်မဲ (၁) မဲဖြင့် အကြံပြုခဲ့ပြီးနောက် CDC ညွှန်ကြားရေးမှူး Mandy Cohen ၏ နောက်ဆုံး ထောက်ခံအကြံပြုချက် ထွက်ပေါ်လာခဲ့သည်။

Pfizer-BioNTech နှင့် Moderna ကုမ္ပဏီတို့၏ မွမ်းမံထားသော COVID-19 ကာကွယ်ဆေးများကို အသုံးပြုခွင့်ပေးခဲ့သည့် အမေရိကန်နိုင်ငံ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန Food and Drug Administration (FDA) နှင့် CDC အကြံပေးအဖွဲ့ဝင်များ တွေ့ဆုံခဲ့ပြီး နောက်တစ်ရက်တွင် CDC က ထိုကာကွယ်ဆေးများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုရန် ထောက်ခံချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ 

မွမ်းမံထားသော ကာကွယ်ဆေးများကို အသက် (၁၂) နှစ်နှင့် အထက်အတွက် FDA က အသုံးပြုခွင့်ပေးခဲ့ပြီး အသက် (၆) လမှ (၁၁) နှစ်အထိ ကလေးများတွင် အရေးပေါ်သုံးအဖြစ် ခွင့်ပြုပေးထားသည်။

 

Source: Reuters