ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကို ယုံကြည်မှုအပေါ် ၎င်း၏ ကွန်ဆာဗေးတစ်ပါတီ လွှတ်တော်အမတ်များကြား မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲအများစုရရှိပြီး ဝန်ကြီးချုပ် အနိုင်ရသွားသည်။
ဂျွန်ဆင်၏ ခေါင်းဆောင်မှုကို ပါတီတွင်း သိသိသာသာ ဆန့်ကျင်မှုများ ရှိလာခဲ့သော်လည်း မဲခွဲမှုတွင် ၎င်းက အနိုင်ရခဲ့ခြင်းဖြစ်သည်။
ဗြိတိန်တွင် COVID-19 ကူးစက်မှုများကြောင့် lockdown သတ်မှတ်ထားစဥ်ကာလအတွင်း ဝန်ကြီးချုပ်၏ ဒေါင်းနင်းလမ်နေအိမ်တွင် ပါတီပွဲများကျင်းပခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ ဝေဖန်မှုများ မြင့်တက်လာပြီးနောက် ၎င်း၏ပါတီမှ လွှတ်တော်အမတ်များကြား ဂျွန်ဆင်၏ခေါင်းဆောင်မှုကို ယုံကြည်မှုအပေါ် မဲခွဲဆုံးဖြတ်ခဲ့ကြသည်။
မဲခွဲမှုတွင် ဂျွန်ဆင်က ထောက်ခံမဲ (၅၈) ရာခိုင်နှုန်း ရရှိခဲ့ရာ ယခုအခါ ၎င်း၏ ကွန်ဆာဗေးတစ်ခေါင်းဆောင်နေရာကို စိန်ခေါ်မှုကနေ တစ်နှစ်ကြာ ကင်းလွတ်သွားပြီဟု ဆိုသည်။
ကွန်ဆာဗေးတစ်အမတ်များကြား ၎င်း၏ခေါင်းဆောင်မှုအပေါ် မဲခွဲခဲ့ရာ အမတ် (၂၁၁) ဦးကို ဂျွန်ဆင်ကို ယုံကြည်မှုရှိကြောင်း ထောက်ခံမဲပေးခဲ့ကြပြီး ကန့်ကွက်မဲ (၁၄၈) မဲ ရှိခဲ့ကြောင်း သိရသည်။
၎င်းအပေါ် ယုံကြည်မှုနှင့်ပတ်သက်၍ မဲခွဲဆုံးဖြတ်ရာတွင် အနိုင်ရမှုမှာ ပြတ်ပြတ်သားသား အနိုင်ရမှုဖြစ်ကြောင်း ဂျွန်ဆင်က ပြောခဲ့သည်။
ယုံကြည်မှုအပေါ် ပါတီတွင်း မဲခွဲဆုံးဖြတ်မှု အနိုင်ရခဲ့တာကြောင့် ဂျွန်ဆင်က ကွန်ဆာဗေးတစ်ပါတီကို ဆက်လက်ဦးဆောင်နိုင်မည်ဖြစ်ပြီး ဝန်ကြီးချုပ်အဖြစ် ဆက်ရှိနေမည်ဖြစ်သော်လည်း ၎င်းကို ဆန့်ကျင်မှုများ ပိုများလာပြီး ၎င်း၏ ဩဇာအာဏာ အားနည်းသွားခဲ့ကြောင်း ဝေဖန်သူတွေက ပြောသည်။
အချို့က ဝန်ကြီးချုပ်ဂျွန်ဆင်ကို နုတ်ထွက်ရန် တောင်းဆိုနေကြသည်ဟု ဆိုသည်။
ဗြိတိန်တွင် COVID-19 ကပ်ရောဂါ ကူးစက်မှုများ မြင့်တက်ဖြစ်ပွားမှုကြောင့် lockdown လုပ်ထားစဥ်အတွင်း အမှတ် (၁၀)၊ ဒေါင်းနင်းလမ်းရှိ ဝန်ကြီးချုပ်နေအိမ်တွင် ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင် ပါဝင်တက်ရောက်သည့် ပါတီပွဲများကျင်းပပြီး သောက်စားခဲ့ကြကြောင်း အသေးစိတ် တရားဝင် အစီရင်ခံစာတစ်စောင်ကို မေလ (၂၅) ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ထိုအစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီးနောက် ဝန်ကြီးချုပ်ဂျွန်ဆင်က အပြည့်အဝ တာဝန်ခံမည်ဖြစ်ဟုပြောကြားလျက် တောင်းပန်ခဲ့သော်လည်း ထိုကိစ္စကြောင့် ရာထူးမှ နုတ်ထွက်မည်မဟုတ်ဟု ပြောထားခဲ့သည်။
Source: BBC