ထိုင်းလွှတ်တော်အစည်းအဝေးများ ဇူလိုင်လ (၃) ရက်နေ့တွင် စတင်မည်

ထိုင်းလွှတ်တော်အစည်းအဝေးများ ဇူလိုင်လ (၃) ရက်နေ့တွင် စတင်မည်
By Mr John

 ထိုင်းနိုင်ငံတွင် လွှတ်တော်အစည်းအဝေးများကို ၂၀၂၃ ခုနှစ် ဇူလိုင်လ (၃) ရက်နေ့၌ စတင်ကျင်းပမည်ဟု Royal Gazette ဝက်ဘ်ဆိုက်က ဇွန်လ (၂၄) ရက်နေ့တွင် ကြေညာချက်ထုတ်ပြန် အတည်ပြုလိုက်သည်။ 

လွှတ်တော်အစည်းအဝေးများ စတင်မည့်ရက် ထွက်ပေါ်လာမှုနှင့်အတူ ရွေးကောက်ပွဲအနိုင်ရ Move Forward Party (MFP) ပါတီနှင့် Pheu Thai ပါတီတို့ကြား အောက်လွှတ်တော်ဥက္ကဌနေရာ ရယူမှုနှင့် ပတ်သက်၍ သဘောထား ကွဲလွဲမှုများကို ထိုရက်မတိုင်မီ ဖြေရှင်းရန် လိုအပ်လာသည်။

Pheu Thai ပါတီက အောက်လွှတ်တော်ဥက္ကဌ ရွေးချယ်မှုအပေါ် ၎င်း၏ရပ်တည်ချက်ကို ၂၀၂၃ခုနှစ် ဇွန်လ (၂၇) ရက်နေ့တွင် အပြီးသတ် အတည်ပြုသွားရန် ရည်မှန်းထားသည်။ 

ဇွန်လ (၂၈) ရက်နေ့တွင် ညွှန့်ပေါင်းအုပ်စုကို ဦးဆောင်သည့် MFP ပါတီနှင့် လွှတ်တော်ဥက္ကဌနေရာ အငြင်းပွားမှုကို ဖြေရှင်းရန်အတွက် အစည်းအဝေးတစ်ရပ် စီစဥ်ထားကြောင်း သိရသည်။ 

Pheu Thai ပါတီက လွှတ်တော်ဥက္ကဌနေရာကို ရယူလိုကြောင်း အစောပိုင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

လွှတ်တော်အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားကို ထိုင်းဘုရင် တက်ရောက်မည်ဖြစ်ကြောင်း အောက်လွှတ်တော်ရုံးက ဆိုသည်။ 

လွှတ်တော်အစည်းအဝေး အစီအစဥ်အရ ၂၀၂၃ခုနှစ် ဇူလိုင်လ (၄) ရက်နေ့တွင် အမတ်များက အောက်လွှတ်တော်ဥက္ကဌနှင့် ဒုတိယဥက္ကဌ (၂) ဦးကို မဲပေးရွေးချယ်မည် ဖြစ်သည်။ 

အောက်လွှတ်တော်ဥက္ကဌက လွှတ်တော် (၂) ရပ် ပါဝင်သည့် လွှတ်တော်ဥက္ကဌအဖြစ်လည်း ဆောင်ရွက်မည်ဟု ဆိုသည်။

 

Source: Bangkok Post