ဗြိတိန်ဝန်ကြီးချုပ်ဂျွန်ဆင် ပါဝင်သည့် COVID-19 စည်းမျဥ်းချိုးဖောက်သော ပါတီပွဲများကျင်းပမှု အသေးစိတ် အစီရင်ခံစာ ထုတ်ပြန်

ဗြိတိန်ဝန်ကြီးချုပ်ဂျွန်ဆင် ပါဝင်သည့် COVID-19 စည်းမျဥ်းချိုးဖောက်သော ပါတီပွဲများကျင်းပမှု အသေးစိတ် အစီရင်ခံစာ ထုတ်ပြန်
By Mr John

ဗြိတိန်တွင် COVID-19 ကပ်ရောဂါ ကူးစက်မှုများ မြင့်တက်ဖြစ်ပွားမှုကြောင့် lockdown လုပ်ထားစဥ်အတွင်း အမှတ် (၁၀)၊ ဒေါင်းနင်းလမ်းရှိ ဝန်ကြီးချုပ်နေအိမ်တွင် ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင် ပါဝင်တက်ရောက်သည့် ပါတီပွဲများကျင်းပပြီး သောက်စားခဲ့ကြကြောင်း အသေးစိတ် တရားဝင် အစီရင်ခံစာတစ်စောင်ကို မေလ (၂၅) ရက်နေ့က ထုတ်ပြန်ခဲ့သည်။ 

ထိုအစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီးနောက် ဝန်ကြီးချုပ်ဂျွန်ဆင်က အပြည့်အဝ တာဝန်ခံမည်ဖြစ်ဟုပြောကြားလျက် တောင်းပန်ခဲ့သော်လည်း ထိုကိစ္စကြောင့် ရာထူးမှ နုတ်ထွက်မည် မဟုတ်ဟု ဆိုသည်။

စာမျက်နှာ (၃၇) မျက်နှာ ပါဝင်သည့် အစီရင်ခံစာတွင် ဝိုင်များဖိတ်ကျမှု၊ အခန်းနံရံပေါ်တွင် ဝိုင်များပေကျံမှု၊ မူးပြီအန်ချမှု၊ သန့်ရှင်းရေးနှင့် လုံခြုံရေး ဝန်ထမ်းများကို အနိုင်ကျင့်မှုနှင့် နံနက် (၄) နာရီအထိ ပါတီပွဲများကျင်းပမှုတို့ကို ဖော်ပြထားသည်။

 ဗြိတိန်အစိုးရ အကြီးတန်းအရာရှိ Sue Gray က ထိုအစီအရင်ခံစာထုတ်ပြန်မှုကို ဦးဆောင်ခဲ့သည်။ 

ကပ်ရောဂါကြောင့် lockdown လုပ်ထားသည့်ကာလအတွင်း ၂၀၂၀ ခုနှစ် ဇွန်လ (၁၉) ရက်နေ့က ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်၏ (၅၆) နှစ်ပြည့် မွေးနေ့ပါတီကိုလည်း ဒေါင်းနင်းလမ်းနေအိမ်တွင် စုရုံးကျင်းပခဲ့ကြောင်း သိရသည်။

ယခုအစီရင်ခံစာတွင် ဗြိတိန်တစ်နိုင်ငံလုံးကို တင်းကျပ်သည့် lockdown သတ်မှတ်ထားစဥ် ကျင်းပခဲ့သည့် ပါတီပွဲဖြစ်ရပ် (၁၆) ခုကို စုံစမ်းဖော်ထုတ်ထားသည်ဟု ဆိုသည်။ 

အစီရင်ခံစာတွင် ဘောရစ်ဂျွန်ဆင်ကို အထူးသဖြင့် အပြစ်တင်ထားခြင်းမရှိသော်လည်း လူအများအပြား စုရုံးကြသည့် ဓာတ်ပုံများကို ဖော်ပြထားသည်။ 

ထိုဓာတ်ပုံများထဲတွင် ဝန်ကြီးချုပ်ဂျွန်ဆင်က အရက်ခွက်ကိုင်မြှောက်ထားသည့်ပုံနှင့် အခန်းတွင်းရှိ စားပွဲပေါ်တွင် အရက်ပုလင်းနှင့် ခွက်များကို တွေ့ရသည်။ 

"ဒီဖြစ်ရပ်အများအပြားက ဖြစ်ခွင့်မပြုသင့်ပါဘူး။ ထိပ်ပိုင်းခေါင်းဆောင်တွေက ဒီလူမှုဆိုင်ရာ အပြုအမူအတွက် တာဝန်ယူရပါမယ်" ဟု Sue Gray အစီရင်ခံစာတွင် ပြောထားသည်။

အစီရင်ခံစာတွင် ဖော်ထုတ်ပြသလိုက်သည့် အပြုအမူအချို့ကြောင့် တုန်လှုပ်မိကြောင်း ဝန်ကြီးချုပ်ဂျွန်ဆင်က ဆိုသည်။ 

ဝန်ကြီးချုပ်နေအိမ်တွင် lockdown ကာလအတွင်း စုရုံးကျင်းပခဲ့ကြသည့် ပါတီပွဲများတွင် အရက်အလွန်အကျွံသောက်ကာ မူးပြီးအော့အန်သူနှင့် အခြားနှစ်ဦးကြား ရန်ဖြစ်ကြသည့် ဖြစ်ရပ်များလည်းရှိခဲ့သည်ဟု သိရသည်။ 

အစီရင်ခံစာထွက်လာပြီးနောက် လွှတ်တော်တွင် စကားပြောရာတွင် ဝန်ကြီးချုပ်ဂျွန်ဆင်က ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး သင်ခန်းစာရခဲ့ကြောင်း ပြောသည်။ 

ထို့နောက် "ကျနော် တာဝန်ယူစဥ်မှာ ဖြစ်ပျက်ခဲ့သမျှအတွက် ကျနော် အပြည့်အဝ တာဝန်ယူပါတယ်" ဟု ဂျွန်ဆင်က ဆိုသည်။

"ဒီလို စုရုံးမှုတွေကို သူတို့ရဲ့ တာဝန်ထမ်းဆောင်မှုအတွက် ကျေးဇူးတင်ဖို့ ကျနော် ခဏတဖြုတ် ပါဝင်ခဲ့ပါတယ်။ ဒါက ခေါင်းဆောင်တစ်ယောက်ရဲ့ အခြေခံလိုအပ်ချက်တွေထဲက တစ်ခုဖြစ်တယ်လို့ ကျနော် ယူဆပါတယ်" ဟု ဝန်ကြီးချုပ်ဂျွန်ဆင်က ပြောခဲ့သည်။ 

COVID-19 ကြောင့် lockdown သတ်မှတ်ထားစဥ်အတွင်း ပါတီပွဲများ စုရုံးကျင်းပရာတွင် ပါဝင်ခဲ့တာကြောင့် ဝန်ကြီးချုပ်ဂျွန်ဆင်မှာ အတိုက်အခံ နိုင်ငံရေးသမားများနှင့် ၎င်း၏ပါတီမှ အချို့က နုတ်ထွက်ရန် ထပ်တလဲလဲ တောင်းဆိုမှုများကို ရင်ဆိုင်နေခဲ့ရသည်။

Source: CNN, Reuters, BBC