လကမ္ဘာပေါ်က မြေကြီးဖြင့်  ပထမဆုံးအကြိမ် အပင်များ စမ်းသပ်စိုက်ပျိုး

Photo: Tyler Jones, UF/IFAS/Handout via Reuters
Photo: Tyler Jones, UF/IFAS/Handout via Reuters
လကမ္ဘာပေါ်က မြေကြီးဖြင့်  ပထမဆုံးအကြိမ် အပင်များ စမ်းသပ်စိုက်ပျိုး
By Mr John

သိပ္ပံပညာရှင်တွေက လပေါ်မှ မြေကြီးထဲတွင် ပထမဆုံးအကြိမ် အပင်စိုက်ပျိုးခဲ့ပြီး လပေါ်တွင် ကာလရှည်ကြာနေထိုင်နိုင်ရေး အရေးပါသည့် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း သိရသည်။ 

သုတေသီတွေက ၁၉၆၉ - ၁၉၇၂ ခုနှစ် Apollo လကမ္ဘာခရီးစဥ်များအတွင်း စုဆောင်းရယူခဲ့သည့် မြေကြီးနမူနာအနည်းငယ်ကိုသုံးပြီး ဟင်းခတ်အပင်ငယ်တစ်မျိုးကို စိုက်ပျိုးခဲ့ကြခြင်း ဖြစ်သည်။

ထို့နောက် နှစ်ရက်ကြာတွင် သစ်စေ့များက အပင်ပေါက်လာသည်ကို အံ့ဩဖွယ်ရာ တွေ့ရှိခဲ့ရသည်။ 

"ကျွန်မတို့ ဘယ်လို အလွန်အံ့အားသင့်သွားတယ်ဆိုတာ ပြောမပြတတ်ပါဘူး"ဟု လေ့လာမှုတွေ့ရှိမှု စာတမ်းကို ပူးတွဲရေးသားသူ ဖလော်ရီဒါတက္ကသိုလ်မှ ပါမောက္ခ Ann-Lisa Paul က ပြောသည်။ 

လပေါ်မှ မြေကြီးတွင် စိုက်ပျိုးခဲ့သည့် အပင်များနှင့် မြေဆွေးတွင် စိုက်ပျိုးခဲ့သည့် အပင်များမှာ ခြောက်ရက်ခန့်အထိ တူညီသည့် ရှင်သန်ကြီးထွားမှုရှိခဲ့ကြောင်း သိရသည်။

လပေါ်မှမြေကြီးတွင် စိုက်ပျိုးခဲ့သည့် အပင်များမှာ ကြီးထွားမှု ပိုမိုနှေးကွေးလာပြီး နောက်ဆုံးတွင် ဆက်မကြီးထွားလာတော့ဘဲ ရပ်တန့်သွားခဲ့သည်။ သို့သော် ယခု လေ့လာမှုတွင် ပါဝင်သူတွေက အောင်မြင်မှုတစ်ခုဖြစ်သည်ဟု ဆိုသည်။ 

"ဒီသုတေသနက NASA ရဲ့ အာကာသထဲမှာ လူသားတွေ ကာလရှည်ကြာ စူးစမ်းရှာဖွေရေး ရည်မှန်းချက်အတွက် အရေးပါပါတယ်။ အနာဂတ်မှာ အာကာသယာဥ်မှူးတွေက ပိုမိုအတွင်းကျ ဝေးလံတဲ့ အာကာသထဲမှာ နေထိုင်ပြီး လုပ်ငန်းလုပ်ကိုင်ရာမှာ စားနပ်ရိက္ခာအတွက် လနဲ့ အင်္ဂါဂြိုဟ်ပေါ်မှာရှိတဲ့ အရင်းအမြစ်တွေကို သုံးဖို့လိုအပ်လာမှာ ဖြစ်ပါတယ်" ဟု NASA အကြီးအကဲ Bill Nelson က ပြောသည်။

"ဒီ အခြေခံအပင်ရှင်သန်ကြီးထွားမှု သုတေသနက NASA က စိုက်ပျိုးရေးတီထွင်ဆန်းသစ်မှုတွေကို ဖော်ထုတ်ဖို့ ဘယ်လို လုပ်ဆောင်နေတယ်ဆိုတာရဲ့ အဓိက ဥပမာတစ်ခုလည်း ဖြစ်ပါတယ်။ NASA က လုပ်ဆောင်နေတဲ့ စိုက်ပျိုးရေးတီထွင်ဆန်းသစ်မှုတွေက ကမ္ဘာမြေပေါ်ရှိ စားနပ်ရိက္ခာရှားပါးတဲ့ ဒေသတွေမှာ အပင်တွေ မဖြစ်ထွန်းမှုကို ဘယ်လို ဖြေရှင်းနိုင်မလဲဆိုတာ နားလည်သိရှိနိုင်ဖို့ ကူညီနိုင်ပါတယ်" ဟုလည်း ၎င်းက ဆိုသည်။

ယခုလေ့လာမှုမှာ သုတေသီတွေ အတွက် စိန်ခေါ်မှုတစ်ခုကတော့ အပင်စိုက်ပျိုးရန် လပေါ်မှမြေကြီးကို များစွာ အသုံးမပြုနိုင်ခြင်း ဖြစ်သည်။ 

၁၉၆၉ ခုနှစ်မှ သုံးနှစ်တာ ကာလအတွင်း NASA အာကာသယာဥ်မှူးတွေက လမျက်နှာပြင်ပေါ်မှ အလေးချိန် (၈၄၂) ပေါင်ရှိ ကျောက်တုံးများ၊ တူးဖော်ရယူလာသည့် မြေသားနမူနာများ၊ ကျောက်စရစ်ခဲများ၊ သဲနှင့် မြေမှုန်များကို စုဆောင်းရယူခဲ့သည်။

ဖလော်ရီဒါတက္ကသိုလ်မှ သုတေသီအဖွဲ့က အပင်တစ်ပင်အတွက် ဆယ်စုနှစ်များကြာ သိမ်းဆည်းထားခဲ့သည့် လပေါ်မှမြေကြီး (၁) ဂရမ်မျှကိုသာ ရရှိခဲ့ကြခြင်း ဖြစ်သည်။ 

NASA က လပေါ်သို့ လူသားများခြေချရန် အာကာသခရီးစဥ်ကို လာမည့် ၂၀၂န၅ ခုနှစ်အတွင်း စီစဥ်ထားပြီး ၁၉၇၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် လကမ္ဘာခရီးစဥ်လည်း ဖြစ်လာမည်ဟု သိရသည်။

 

Source: BBC