ရာထူးမှနုတ်ထွက်သွားသည့် သီရိလင်္ကာဝန်ကြီးချုပ်ကို ဆူပူအုံကြွမှုအတွင်း စစ်တပ်က ကယ်ထုတ်ခဲ့ရ၊ လုယက်ဖျက်ဆီးသူများကို ပစ်မိန့် ပေးထား

ရာထူးမှနုတ်ထွက်သွားသည့် သီရိလင်္ကာဝန်ကြီးချုပ်ကို ဆူပူအုံကြွမှုအတွင်း စစ်တပ်က ကယ်ထုတ်ခဲ့ရ၊ လုယက်ဖျက်ဆီးသူများကို ပစ်မိန့် ပေးထား
By Mr John

သီရိလင်္ကာနိုင်ငံတွင် မေလ (၉) ရက်နေ့ ညပိုင်း ဆူပူအုံကြွမှုအတွင်း ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်သွားသည့် Mahinda Rajapaksa ကို စစ်တပ်က မေလ (၁၀) ရက် အာရုဏ်မတက်မီ စစ်ဆေးရေးတစ်ခုဖြင့် ကယ်ဆယ်ခဲ့ရကြောင်း သိရသည်။

ဆန္ဒပြ ဆူပူအုံကြွသူတွေက ၎င်း၏နေအိမ်ကို ဝင်ရောက်စီးနင်းရန် နှစ်ကြိမ်တိုင် ကြိုးပမ်းခဲ့ကြပြီးနောက် ဝန်ကြီးချုပ်၏ 'Temple Trees' နေအိမ်ဝင်းသို့ စစ်တပ်ခေါ်ယူခဲ့သည်ဟု အကြီးတန်းလုံခြုံရေး သတင်းရင်းမြစ်တစ်ခုက CNN ကို ပြောသည်။

ဆူပူအုံကြွသူတွေက ခြံစည်းရိုးကို ထိုးဖောက်ကျော်လွန်ပြီး ဝန်ကြီးချုပ်နေအိမ်အပြင်ဘက် နေရာများအထိ ရောက်ရှိလာခဲ့ကြကာ ဓာတ်ဆီပုလင်းဗုံးများဖြင့် ပစ်ပေါက်ခဲ့ကြသည်ဟု ဆိုသည်။

သို့သော် နေအိမ်အဆောက်အအုံအတွင်း ဝင်ရောက်ရန်ကြိုးပမ်းရာတွင် စစ်တပ်က မျက်ရည်ယိုဗုံးသုံးပြီး ဖြိုခွဲဟန့်တားနိုင်ခဲ့ကြောင်း သိရသည်။

ထိုဖြစ်ရပ်အတွင်း မျက်ရည်ယိုဗုံး ပေါက်ကွဲမှုကြောင့် ရဲအရာရှိတစ်ဦး သေဆုံးခဲ့သည်ဟု လုံခြုံရေးအရာရှိက ပြောသည်။

Mahinda နှင့် ၎င်း၏မိသားစုကို စစ်တပ်က နေအိမ်မှကယ်ထုတ်ပြီး တည်နေရာမသိရသော နေရာသို့ ခေါ်ဆောင်သွားခဲ့သည်။

မေလ (၉) ရက် ညပိုင်း ဆန္ဒပြ ဆူပူအုံကြွမှုအတွင်း အာဏာရပါတီ နိုင်ငံရေးသမားများ၏ နေအိမ်များ ပစ်မှတ်ထားခံရပြီးနောက် ကာကွယ်ရေးဝန်ကြီးဌာနက လုယက်မှု သို့မဟုတ် အဆောက်အအုံဖျက်ဆီးမှုတွင် ပါဝင်သူများကို တွေ့သည့်နှင့် ချက်ချင်းပစ်ခတ်ရန် မေလ (၁၀) ရက်တွင် ပစ်မိန့်ပေးလိုက်ကြောင်း သိရသည်။

ဒေါသထွက်နေသည့် ဆန္ဒပြ ဆူပူအုံကြွသူတွေက ဝန်ကြီးချုပ်နှင် လွှတ်တော်အမတ်တို့၏ နေအိမ်များကို မေလ (၉) ရက် ညပိုင်းက မီးရှို့ခဲ့ကြကြောင်း သိရသည်။

အစိုးရထောက်ခံသူတွေနှင့် အကြမ်းဖက် ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားခဲ့ပြီးနောက် ဆန္ဒပြ ဆူပူအုံကြွသူတွေက သီရိလင်္ကာအစိုးရခေါင်းဆောင်များ၏ နေအိမ်များကို မီးရှို့ခဲ့ကြခြင်း ဖြစ်သည်။

"ပြည်သူပိုင်ပစ္စည်းလုယက်ဖျက်ဆီးသူ သို့မဟုတ် အသက်အန္တရာယ်ဖြစ်စေသူတွေကို ချက်ချင်း ပစ်ခတ်ရန် လုံခြုံရေးတပ်ဖွဲ့များကို အမိန့်ပေးထားသည်" ဟု ဝန်ကြီးဌာနက ပြောသည်။

မေလ (၉) ရက်နေ့က အကြမ်းဖက်မှုဖြစ်ပွားခဲ့ပြီးနောက် ကိုလံဘိုမြို့တော်နှင့် အခြားနေရာများတွင် ထောင်နှင့်ချီသည့် ကြည်းတပ်၊ ရေတပ်နှင့် လေတပ် တပ်ဖွဲ့ဝင်များကို ဖြန့်ကျက်ချထားသည်။

ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ မေလ (၉) ရက် ညပိုင်း ဆူပူအုံကြွမှုအတွင်း ရဲတပ်ဖွဲ့ဝင်နှစ်ဦး အပါအဝင် လူရှစ်ဦး သေဆုံးခဲ့ပြီး နေအိမ် (၆၅) လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

အစိုးရက ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ရာနှင့်ချီသည့် မော်တော်ဆိုင်ကယ်များနှင့်အတူ ကားနှင့် ဘတ်စ်ကား (၈၈) စီး ဖျက်ဆီးခံခဲ့ရသည်ဟု ဆိုသည်။

မေလ (၉) ရက်နေ့က ဖြစ်ပွားခဲ့သည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများနှင့် အစိုးရထောက်ခံသူများကြား အကြမ်းဖက်ထိပ်တိုက်တွေ့မှုအတွင်း လူ (၂၁၉) ဦး ဒဏ်ရာရခဲ့ကြောင်းလည်း ကိုလံဘိုမြို့တော်ရှိ ဆေးရုံက ပြောသည်။

သီရိလင်္ကာနိုင်ငံတွင် စီးပွားရေးအကျပ်အတည်း အဆိုးဆုံးအခြေအနေ ကြုံတွေ့နေရမှုအပေါ် ကာလရှည်ကြာ ဆန္ဒပြမှုများနှင့် အထွေထွေသပိတ်မှောက်မှုတို့ကြောင့် ကျောင်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် သယ်ယူပို့ဆောင်ရေးများ ရပ်ဆိုင်းသွားခဲ့ပြီးနောက် သမ္မတ Gotabaya က မေလ (၆) ရက်နေ့တွင် အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။

ထို့အပြင် မေလ (၉) ရက်နေ့က တစ်နိုင်ငံလုံးတွင် ကာဖျူးအမိန့်ထုတ်ထားမှုကိုလည်း မေလ (၁၀) ရက် နံနက်ပိုင်းအထိ တိုးချဲ့သတ်မှတ်ထားသည်။

သီရိလင်္ကာတွင် အထွေထွေကုန်ဈေးနှုန်းများ မြင့်တက်မှုနှင့် လျှပ်စစ်ဓာတ်အားဖြတ်တောက်မှုတို့ကြောင့် မတ်လကတည်းက ဆန္ဒပြမှုများ အကြီးအကျယ် ပေါ်ပေါက်နေခဲ့ပြီး သမ္မတ Gotabaya Rajapaksa ကို ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုနေခဲ့ကြသည်။

မေလ (၉) ရက်တွင် ရာထူးမှ နုတ်ထွက်သွားသည့် အသက် (၇၆) နှစ်အရွယ် ဝန်ကြီးချုပ် Mahinda မှာ သမ္မတ၏အစ်ကိုလည်း ဖြစ်သည်။

မတ်လအတွင်း လူထုဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့ပြီးနောက် သီရိလင်္ကာအစိုးရအဖွဲ့တစ်ဖွဲ့လုံး နုတ်ထွက်သွားခဲ့ရာ ၎င်းတို့ညီအကိုနှစ်ဦးသာ ကျန်ရှိခဲ့သည်။

သမ္မတ နှင့် ဝန်ကြီးချုပ် ညီအစ်ကို (၂)ဦး

အသက် (၇၂) နှစ်အရွယ် သမ္မတ Gotabaya က ရာထူးမှ နုတ်ထွက်ရန် ငြင်းဆန်ပြီး အစိုးရအဖွဲ့သစ် ဖွဲ့စည်းခဲ့ရာ ဆန္ဒပြသူများ ဒေါသထွက်ခဲ့ကြသည်။

သီရိလင်္ကာနိုင်ငံမှာ နိုင်ငံခြားငွေပြတ်လပ်မှုကြောင့် လောင်စာဆီတင်သွင်းမှုနဲ့ အခြား ကုန်ပစ္စည်းတွေအတွက် ငွေပေးချေရန် ရုန်းကန်နေခဲ့ရပြီး ၁၉၄၈ ခုနှစ်က ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေးရခဲ့ပြီးနောက်ပိုင်း အဆိုးဆုံး စီးပွားရေးအကျပ်အတည်း ကြုံတွေ့နေခဲ့ရသည်။

Source: CNN, AFP, BBC

Photo: GETTY IMAGES, AP, AFP/Ishara S Kodikara,