ကျောက်ဆည်မြို့တွင် စစ်အုပ်စုကိုထောက်ခံသည့် သွေးသောက်အဖွဲ့များက လက်ဖက်ရည်ဆိုင် ပိုင်ရှင်(၂)ဦးကို ဖမ်းဆီး သတ်ဖြတ်

ကျောက်ဆည်မြို့တွင် စစ်အုပ်စုကိုထောက်ခံသည့် သွေးသောက်အဖွဲ့များက လက်ဖက်ရည်ဆိုင် ပိုင်ရှင်(၂)ဦးကို ဖမ်းဆီး သတ်ဖြတ်

မန္တလေးတိုင်း ကျောက်ဆည်မြို့မှ လက်ဖက်ရည်ဆိုင်ပိုင်ရှင်နှစ်ဦးကို  သွေးသောက်အဖွဲ့ဟုဆိုကာ စစ်အုပ်စုထောက်ခံသူများက သတ်ဖြတ်ပြီး အလောင်းကို စွန့်ပစ်ထားခဲ့ကြောင်းဒေသခံများထံကသိရသည်။

မေလ(၅)ရက်နေ့က ကျောက်ဆည်မြို့မှ အသက်(၅၅)နှစ်ဝန်းကျင်ရှိ ရွှေကျောက်ဆည်လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးတင်သိန်း နှင့် တံတားလယ် လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးညိုထွန်းဇော်တို့ကို အရပ်ဝတ်ဖြင့် လူတစ်စုက လက်နက်အပြည့်အစုံဖြင့် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

"လက်နက်အပြည့်အစုံနဲ့ ဝင်ဖမ်းသွားတယ်။ (၃)နာရီပဲခြားတယ်။ အလောင်းလာပစ်သွားတယ် "ဟု ဒေသခံတစ်ဦးက  ပြောသည်။

အသတ်ခံခဲ့ရသူနှစ်ဦးသည် NLDပါတီဝင် မဟုတ်ကြောင်း ဒေသခံများထံက သိရသည်။

ကျောက်ဆည်မြို့သွေးသောက်အဖွဲ့ဆိုသူများက ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း စစ်ကောင်စီတပ်သားတစ်ဦးကို မြို့လယ်တွင် ပစ်သတ်ခံခဲ့ပြီး ထိုသို့ လုပ်ဆောင်ခြင်းသည် NLD ပါတီထောက်ခံသူများကို ပြန်လည်သတ်ဖြတ်ခြင်းဖြစ်ကြောင်း ရေးသားထားသည်။

စစ်အုပ်စုထောက်ခံသူများက သွေးသောက်အဖွဲ့များဖွဲ့စည်းကာ ပြည်သူများအား တရားမဲ့သတ်ဖြတ်မှုများလုပ်နေပြီး မန္တလေးတိုင်းတွင် သတ်ဖြတ်ခံရသူ (၈)ဦးအထိရှိလာပြီဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီအဖွဲ့သည် ၎င်းတို့အား ဆန့်ကျင်တော်လှန်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ နှင့် တော်လှန်ရေးစစ်သည်တော်များကို ဖမ်းဆီးခြင်း ပစ်သတ်ခြင်းများ ပြုလုပ်နေသော်လည်း ယခုလို ဖမ်းဆီးသတ်ဖြတ်သည့် သွေးသောက်အဖွဲ့ကို ဖမ်းဆီးအ‌ေးယူခြင်း မရှိပေ။