ကဝမြို့နယ်ရဲတပ်ဖွဲ့မှူးဟောင်း သေနတ်ဖြင့် ပစ်သတ်ခံရ

ကဝမြို့နယ်ရဲတပ်ဖွဲ့မှူးဟောင်း သေနတ်ဖြင့် ပစ်သတ်ခံရ
ဧပြီ 28, 2022 | အခြားဒေသများ

 ပဲခူးတိုင်း၊ ကဝမြို့နယ်ရဲတပ်ဖွဲ့မှူးဟောင်း၊ လုံခြုံရေးနှင့်သတင်းစုံစမ်းရေးအဖွဲ့ဥက္ကဌ ဦးဝင်းနိုင်ဆိုသူ ယနေ့ဧပြီလ(၂၈)ရက်နေ့ နံနက်ပိုင်းက သေနတ်ဖြင့် (၅)ချက်ပစ်ခံရသဖြင့် ပွဲချင်းပြီးသေကြောင်း သိရသည်။

ပစ်သတ်ခံရသူ ရဲမှူးဟောင်းသည် အာဏာသိမ်းစစ်ကောင်စီ၏ ကဝမြို့နယ်လုံခြုံရေးနှင့် သတင်းစုံစမ်းရေးအဖွဲ့တွင် ဥက္ကဌအဖြစ် တာဝန်ယူထားသူဖြစ်ကာ (၃)ရပ်ကွက်ရှိ မင်းကြိုက်လက်ဘက်ရည်ဆိုင်၌ ထိုင်နေစဉ် ပစ်သတ်ခံရခြင်းဖြစ်သည်။

၎င်းသည် နောက်စေ့ကျည်ထိဒဏ်ရာ နှစ်ချက်၊ ငယ်ထိပ်ဖောက်ဝင်ဒဏ်ရာနှစ်ချက်နှင့် ဇက်ပိုးဖောက်ဝင် ဒဏ်ရာတစ်ချက် ရရှိကာ သေဆုံးသွားခြင်း ဖြစ်ပြီး ယင်းဖြစ်စဉ်ကြောင့် လက်ရှိတွင် စစ်ကောင်စီတပ်က ကဝမြို့နယ်အတွင်း ပိတ်ဆို့စစ် ဆေးလျှက်ရှိကြောင်း သိရသည်။