စစ်ရာဇဝတ်မှုများထပ်မလုပ်ရန် စစ်ကောင်စီကို TNLA နှင့် MNDAA သတိပေး

စစ်ရာဇဝတ်မှုများထပ်မလုပ်ရန် စစ်ကောင်စီကို TNLA နှင့် MNDAA သတိပေး

မြန်မာတစ်နိုင်ငံလုံးအနှံ့ အပြစ်မဲ့ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများကို ထပ်မံမကျူးလွန်ရန်နှင့် အမြန်ဆုံး ချက်ချင်းရပ်တန့်ရန် စစ်ကောင်စီကို သတိပေးကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်(၂)ဖွဲ့က ၂၀၂၄ ခုနှစ် ဇွန်လ (၆)ရက်နေ့တွင် ထုတ်ပြန်သည်။ 

ပြီးခဲ့သည့် မေလ(၂၉)ရက်နေ့တွင် စစ်ကောင်စီတပ်များနှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)တပ်ဖွဲ့ဝင်တချို့ စစ်ကောင်စီ၏ စစ်သင်တန်းဆင်း မွတ်စလင်တပ်ဖွဲ့ဝင်များ အပါအဝင် အင်အား(၁၇၀)ကျော်ရှိ စစ်ကြောင်းက စစ်တွေမြို့၊ ဗျိုင်းဖြူကျေးရွာကို ၀ိုင်းရံပိတ်ဆို့ပြီး ကျေးရွာပြည်သူလူထုကို ဖမ်းဆီးချုပ်နှောင်ထိန်းသိမ်းခဲ့သည်။

ဖမ်းဆီးထားသည် ဒေသခံများကို နှိပ်စက်ညှဉ်းပန်းခြင်း၊ အမျိုးသမီးတချို့ကို မုဒိမ်းကျင့်ခြင်း၊ ပြည်သူ(၇၆)ဦးကို သတ်ဖြတ်ခြင်း၊ အလောင်းများ ဖျောက်ဖျက်ခြင်း၊ ကျေးရွာပြည်သူလူထု၏ ရွေငွေပစ္စည်းများကို လုယက်ခြင်း ၊ နေအိမ်များကို မီးရှို့ခြင်း ကဲ့သို့သော စစ်ရာဇဝတ်မှုကြီးများကို လက်ရဲဇက်ရဲ ကျူးလွန်မှုအပေါ် TNLA နှင့်MNDAAတို့က အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်သည်။

ယင်းသို့ ကျူးလွန်မှုမျိုးကို ရခိုင်ပြည်တွင်သာမက မြန်မာတစ်နိုင်ငံလုံးအနှံ့ နောက်ထပ်မလုပ်ရန်၊ အမြန်ဆုံးချက်ချင်း ရပ်တန့်ရန် စစ်ကောင်စီကို သတိပေးကြောင်း ထုတ်ပြန်ထားသည်။

စစ်ရှုံးစစ်ကောင်စီသည် ဘက်ပေါင်းစုံတွင်လည်း ကြီးမားသော ဆုံးရှုံးမှုများကို ဆက်တိုက်ကြုံလာရသဖြင့် အပြစ်မဲ့ပြည်သူလူထုများအား ရည်ရွယ်ချက်ရှိရှိ ပိုမိုတိုက်ခိုက်လာနေသည်ဟု ဆိုသည်။

ထို့ကြောင့် မြန်မာပြည်သူများအနေဖြင့် စစ်ကောင်စီ၏လေကြောင်း တိုက်ခိုက်ခြင်း၊ လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းရန်မှ ကင်းဝေးကြစေရန်အတွက် လေကြောင်းရန်နှင့် စစ်ရေး သတိရှိကြရန် တိုက်တွန်းထားသည်။

စစ်ကောင်စီက စစ်ရာဇဝတ်မှုများ ကျူးလွန်သည့်လုပ်ရပ်များကို လက်ရဲဇက်ရဲ မကျူးလွန်နိုင်ရန်အတွက် တော်လှန်ရေးအင်အားစုများ၊ လူထုအခြေပြု အဖွဲ့အစည်းများ၊ သတင်းမီဒီယာများက ကန့်ကွက်ရှုတ်ချခြင်း၊ ကျူးလွန်နေသည့် ဖြစ်ရပ်များကို ရယူတင်ပြခြင်းများ လုပ်ဆောင်ပေးကြရန်လည်း တောင်းဆိုထားသည်။

ထို့အပြင် စစ်ရာဇဝတ်မှုမျိုးစုံကို မြန်မာနိုင်ငံအနှံ့ ဆက်တိုက်ကျူးလွန်နေသည့် စစ်ကောင်စီ၏ လုပ်ရပ်များကို အမြန်ဆုံး အရေးယူပေးရန်၊ မြန်မာပြည်သူများကို အကာအကွယ်ပေးရန်လည်း ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းကို တိုက်တွန်းတောင်းဆိုထားသည်။

#TachileikNewsAgency

Photo: 3 Brotherhood Alliance