ဂျပန်ကမ်းလွန်တွင် လူ (၂၆) ဦးပါ ရှုခင်းကြည့်သင်္ဘော ပျောက်ဆုံးနေ၍ ကမ်းခြေစောင့်တပ်ဖွဲ့က ရှာဖွေနေ

ဂျပန်ကမ်းလွန်တွင် လူ (၂၆) ဦးပါ ရှုခင်းကြည့်သင်္ဘော ပျောက်ဆုံးနေ၍ ကမ်းခြေစောင့်တပ်ဖွဲ့က ရှာဖွေနေ
By Mr John

 ဂျပန်ကမ်းလွန်၏ ပင်လယ်ပြင်တွင် ပျောက်ဆုံးနေသည့် လူ (၂၆) ဦးပါ ရှုခင်းကြည့်သင်္ဘောငယ်တစ်စီးကို ကမ်းခြေစောင့်တပ်ဖွဲ့က လိုက်လံရှာဖွေနေကြောင်း သိရသည်။

ထိုသင်္ဘောမှာ ဟော့ကိုင်းဒိုးကျွန်းမြောက်ပိုင်း ကမ်းလွန်ပင်လယ်ပြင်တွင် နစ်မြုပ်ခဲ့ကြောင်း သတင်းပေးပို့မှု လက်ခံရရှိခဲ့ကြောင်းနှင့် ရှုခင်းကြည့်သင်္ဘော "Kazu 1" ၏ အမှုထမ်းက သင်္ဘောပဲ့ပိုင်းအတွင်း ရေများဝင်ရောက်နေကြောင်းနှင့် စတင်နစ်မြုပ်နေကြောင်း သတင်းပေးပို့ခဲ့ပြီးနောက် အာဏာပိုင်များနှင့် သင်္ဘောအမှုထမ်းတို့ အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း နှင့် ထိုသင်္ဘောပေါ်တွင် ကလေးငယ်နှစ်ဦး အပါအဝင် ခရီးသည် (၂၄) ဦးနှင့် အမှုထမ်းနှစ်ဦး လိုက်ပါသွားကြောင်း   ဂျပန်အစိုးရသတင်းဌာန NHK က ဖော်ပြထားသည်။

 



သင်္ဘောပေါ်တွင် လိုက်ပါလာသူများ အသက်ကယ်အင်္ကျီဝတ်ဆင်ထားကြောင်းနှင့် သင်္ဘောမှာ (၃၀) ဒီဂရီ တိမ်းစောင်းနေကြောင်းလည်း အမှုထမ်းက ပြောခဲ့သည်။

ရုံးချိန်ပြင်ပဖြစ်တာကြောင့် ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ထံမှ ယခုဖြစ်ရပ်နှင့် ပတ်သက်ပြီး မှတ်ချက်မရရှိသေးဟု ဆိုထားပြီး "Kazu 1" ရှုခင်းကြည့်သင်္ဘော ခရီးစဥ်များ ဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီရုံးခန်းသို့ ဖုန်းဆက်သွယ်မေးမြန်းရာတွင် ဖုန်းမကိုင်ကြောင်း သိရသည်။

ဧပြီ (၂၃)ရက်နေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ဝန်းကျင်တွင် ရှုခင်းကြည့်သင်္ဘောထံမှ ဆက်သွယ်သတင်းပေးပို့မှုကို ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က လက်ခံရရှိခဲ့ပြီး ကင်းလှည့်ရေယာဥ် ငါးစီးနှင့် လေယာဥ်နှစ်စီးတို့ သင်္ဘောနစ်မြုပ်သည့်နေရာသို့ ထွက်ခွားသွားခဲ့ကြောင်း NHK သတင်းက ဖော်ပြသည်။

ထိုကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားမှုအရ "Kazu 1" ရှုခင်းကြည့်သင်္ဘောတွင် လူ (၆၅) ဦး လိုက်ပါနိုင်သည်ဟု ဆိုသည်။

Shiretoko အမျိုးသားဥယျာဥ် ဧရိယာတဝိုက်တွင် ရှုခင်းကြည့်ခရီးစဥ်များမှာ ပုံမှန်အားဖြင့် သုံးနာရီဝန်းကျင် ကြာလေ့ရှိကြောင်း ခရီးသွားကုမ္ပဏီက ပြောသည်။

 

"Kazu 1" ရှုခင်းကြည့်သင်္ဘောမှာ Utoro ဆိပ်ကမ်းမှ ဧပြီ (၂၃) ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် ထွက်ခွာသွားခဲ့ပြီး ပုံမှန်အတိုင်းဆိုပါက မွန်းလွဲ ၁ နာရီတွင် ဆိပ်ကမ်းသို့ ပြန်လည်ရောက်ရှိမည်ဟု ဆိုသည်။

 



ဟော့ကိုင်းဒိုးကျွန်းမြောက်ပိုင်း ကမ်းလွန်ပင်လယ်ပြင်တွင် ရေလှိုင်းများမြင့်တက်နေခဲ့ပြီး ထိုဧရိယာရှိ ငါးဖမ်းစက်လှေများ ဧပြီ (၂၃) ရက် နံနက်နှောင်းပိုင်းအချိန်တွင် ဆိပ်ကမ်းသို့ ပြန်လာခဲ့ကြကြောင်းလည်း သိရသည်။ ရှုခင်းကြည့်သင်္ဘောမှာ နောက်ဆုံး အဆက်အသွယ်ရရှိခဲ့စဥ်က ဂျပန်နိုင်ငံက မြောက်ဘက်အစွန်းပိုင်းကျွန်း၏ မြောက်ဘက်ပိုင်းရှိ Shiretoko ကျွန်းဆွယ်ဧရိယာတွင် ရှိနေခဲ့ပြီး Kashinu ရေတံခွန်အနီးတွင်ဖြစ်သည်ဟု ယုံကြည်ရကြောင်း  NHK က ပြောသည်။

နောက်ဆုံးသတင်းအရ ကမ်းခြေစောင့်တပ်ဖွဲ့က ဒေသစံတော်ချိန် ဧပြီ (၂၃) ရက် ည ၁၀ နာရီ ၃၀ မိနစ်အချိန်အထိ  ရှုခင်းကြည့်သင်္ဘော ရှာဖွေရေးလုပ်ငန်း လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။



 Source: Reuters