စစ်ကောင်စီတပ်များမှ စစ်ကြောင်းထိုးလာ၍ ဝန်းသိုမြို့နယ်အတွင်း ကျေးရွာပေါင်း (၆)ရွာမှ ဒေသခံများ ထွက်ပြေးနေရ

စစ်ကောင်စီတပ်များမှ စစ်ကြောင်းထိုးလာ၍ ဝန်းသိုမြို့နယ်အတွင်း ကျေးရွာပေါင်း (၆)ရွာမှ ဒေသခံများ ထွက်ပြေးနေရ
ဧပြီ 24, 2022 | အခြားဒေသများ

 စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့ရှိ ကျေးရွာများအတွင်းသို့ အာဏာသိမ်းစစ်ကောင်စီတပ်များက  ဧပြီလ(၂၃)ရက်နေ့ နံနက်ပိုင်းက စစ်ကြောင်း ထိုးသဖြင့် ရွာ(၆)ရွာမှ ဒေသခံများ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း သိရသည်။

စစ်ကောင်စီတပ်က အင်အား(၈၀)ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးနေခြင်းကြောင့် အောင်းကုန်း၊ ဥသျှစ်ခုံ၊ သပြေသာ၊ ကျိုင်းခွင်နှင့် အနီးရှိရွာမှ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

စစ်ကောင်စီတပ်များသည် ကျေးရွာများအတွင်း ဝင်ရောက်လာတိုင်း လူကို လူလို ပြောဆို ဆက်ဆံခြင်းမရှိဘဲ PDF များဟု စွပ်စွဲကာ ဆဲဆိုရိုက်နှက်မှုများ ပြုလုပ်လေ့ရှိသည့်အတွက် ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်ကြရသည်ဟု သိရသည်။

"အရင်နေ့က လမ်းမှာ စစ်ကောင်စီတပ်ကို မိုင်းဆွဲလို့ စစ်ကြောင်းထိုးတာ။ ရွာသား(၃)ဦး‌ကိုလည်း အရင်နေ့က သစ်ပင်မှကြိုးနဲ့ချည်ထားခဲ့ကြတယ်။ တိုက်ပွဲတွေလည်းဖြစ်နေတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။ 

ကောလင်းမြို့တွင်လည်း   ဧပြီလ(၂၂)ရက်နေ့  ညက ကိုးတောင်ဘိုရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်က ဒေါ်လှမိဘုရားကုန်းသို့ လက်နက်ကြီးဖြင့် (၁၅)ချက်ဝန်းကျင် ပစ်ခတ်ခဲ့သေးသည်။

ဒါ့အပြင် ယင်းနေ့ ညပိုင်းတွင်လည်း ဝန်းသိုမြို့နယ်၊ စိန်လည်ကျေးရွာအနီးသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ် ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ရာ အများအပြား သေဆုံးမှု ရှိသည်ဟု သိရသည်။