မကွေးတိုင်း၊ မြိုင်နယ်အနောက်ပိုင်းတွင် နာရေးကားဖြင့် အသုံးပြုသွား လာနေသည့် အာဏာသိမ်း စစ်ကောင်စီတပ်သားများအား မတ်လ(၁) ရက်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဒဏ်ရာရရှိသူများ ရှိခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့မတ်လ(၂)ရက်တွင် သတင်းထုတ်ပြန်လာသည်။
အာဏာသိမ်း စစ်ကောင်စီတပ်သားများသည် စစ်ကားများဖြင့် အသုံးပြုပြီး သွားလာပါက ဒေသကာကွယ်ရေးအဖွဲ့များ၏ ပြောက်ကျားနည်းဖြင့် တိုက်ခိုက်မှုများကို မကြာခဏ ခံရသည့်အတွက် ဒေသခံများ၏ ကားများ၊ ဘုန်းကြီးကျောင်းပိုင် ကားများ နှင့် လူမှုရေးအသင်းအဖွဲ့များ၏ ကားများကို ယူ၍ ပြည်သူဟန်ဆောင်ပြီး အသုံးပြုလေ့ရှိကြောင်း ဒေသခံများထံက သိရသည်။
မြိုင်မြို့နယ်အတွင်း ဖေဖော်ဝါရီလ (၂၆)ရက်နေ့ကလည်း စက်မှု(၂)ရှိ အကြမ်းဖက် စစ်ကောင်စီတပ်အား လက်လုပ် လက်နက်ကြီး (၆)လုံးဖြင့် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သားများ သေဆုံး၊ ဒဏ်ရာရသူ ရှိခဲ့ကြောင်းနှင့် ဖေဖော်ဝါရီလ (၂၃)ရက်နေ့ကလည်း ပေါက်မြို့နယ်၊ ရေပြာရဲစခန်းအား မြိုင်မြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စခန်းမှူး အပါအဝင် (၅)ဦးသေကြောင်းလည်း သိရသည်။
တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် လိုအပ်သည်များ တဖြည်းဖြည်း များပြားလာနေပါသည်။ မိဘပြည်သူများ၏ နည်းအမျိုးမျိုးဖြင့် ထောက်ပံ့မှုများလဲ လိုအပ်နေပါသည်။
ဟု မြိုင်မြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ပြည်သူများအား မေတ္တာရပ်ခံ တောင်းဆိုထားရှိသည်။