ရှမ်း - ကရင်နီ (ကယား)နယ်စပ် ဝီသဲကူး(မြောက်ရွာ)တွင် ယနေ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈) ရက်နေ့၌ ဖြစ်ပွားသည့် တိုက်ပွဲအတွင်း အထိနာသည့် အာဏာသိမ်းစစ်ကောင်စီတပ်က သံချပ်ကာအမြောက်ကား (၂)စီးဖြင့် ပစ်ကူသည့်အပြင် ညနေ (၄)နာရီဝန်းကျင်တွင် တိုက်လေယာဉ် (၂)စီးဖြင့်ပါ ဗုံးကြဲတိုက်ခိုက်ကြောင်း သိရသည်။
ယနေ့ တိုက်ပွဲအတွင်း အာဏာသိမ်း စစ်ကောင်စီတပ်ဘက်မှ အကျအဆုံးများသည်ဟု မြေပြင်သတင်းအတည်ပြုချက်ရရှိထားကြောင်း ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
လက်နက်ကြီးပစ်ကူ၊ သံချပ်ကာ ကားများဖြင့်ပါ ထိုးစစ်ဆင်တိုက်ခိုက်နေသည့် အာဏာသိမ်း စစ်ကောင်စီတပ်က ယနေ့ နံနက် (၆)နာရီဝန်းကျင်တွင်လည်း မိုးဗြဲမြို့နယ် ဝါရီဆူးပလိုင်ရွာကို မီးရှို့ခဲ့သည်။
ရှမ်း - ကရင်နီ(ကယား)နယ်စပ် မိုးဗြဲကို အင်အားအလုံးအရင်းဖြင့် ဖေဖေါ်ဝါရီလ (၁၅)ရက်နေ့ကတည်းက ထိုးစစ်ဆင်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ယနေ့တွင်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO PDF)၊ မိုးဗြဲ PDF၊ လွိုင်ကော် PDF၊ ဖယ်ခုံ PDF၊ KA ၊ KNDF၊ KGZ ၊JPDF ၊GZ-21 ၊ အင်းလေးဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(I.P.D.F) နှင့် အခြား မဟာမိတ်တပ်ပေါင်းစုများ ပူးပေါင်းပြီး ခုခံတိုက်ခိုက်နေကြရာ အထိနာသည့် အာဏာသိမ်းတပ်က အင်အားအလုံးအရင်း ထပ်မံဖြည့်တင်းနေသည်ဟု သိရသည်။
အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာဆန့်ကျင်သည့် ပြည်သူများအား နိုင်ငံ့ဘတ်ဂျက်ဖြင့် တည်ဆောက်ထားသည့် စစ်တပ်က အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် ရရာလက်နက်ကိုင်သည့် ပြည်သူ့တော်လှန်ရေးတစ်ရပ် ပေါ်လာခြင်းဖြစ်သည်။