စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ရန်ကြီးအောင်ကျေးရွာတွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက ယနေ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၆)ရက်နေ့ ညနေပိုင်းက ဝင်ရောက်တိုက်ခိုက်ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲကို CDF-KKG နှင့် CDF ဟားခါးတပ်ဖွဲ့တိုက အလစ်အငိုက်ဝင်တိုက်ရာ တိုက်ပွဲ(၁)နာရီကြာခဲ့ပြီး အကြမ်းဖက်စစ် ကောင်စီတပ်သား(၆)ဦးသေသည်ဟု သိရသည်။
တပ်စခန်းကို ဝင်တိုက်သည့် CDF-KKG နှင့် CDF ဟားခါးတပ်ဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အာဏာသိမ်းစစ်ကောင်စီတပ်သည် ရန်ကြီးအောင်ကျေးရွာအတွင်းတပ်စွဲကာ ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေသည့်အပြင် ဒေသခံများကိုလည်း ခြိမ်းခြောက်နေခြင်းဖြစ်သည်။
ပြီးခဲ့သည့်နေ့ကလည်း ကျေးရွာအတွင်းရှိ နေအိမ်(၅)လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး ယနေ့တွင်လည်း နေအိမ်(၃)လုံးကို ထပ်မံမီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ချင်းပြည်နယ်၊ မတူပီ-ပလက်ဝလမ်းပေါ်ရှိ ထယ်ဘွေးတပ်စခန်းကိုလည်း ယနေ့ ဖေဖော်ဝါရီလ(၁၆)ရက်၊ နေ့လည်ပိုင်းတွင် CDF-MATUPI က အလစ်အငိုက် ဝင်ရောက်ပစ်ခတ်ရာ စစ်ကောင်စီတပ်သား(၁) ဦးသေကြောင်း သိရသည်။
ထယ်ဘွေးကျေးရွာနေ ပြည်သူ(၁)ဦးမှာလည်း ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ထောင်ထားသည့် နင်းမိုင်းနင်းမိကာ ဒဏ်ရာပြင်းထန်စွာရရှိကြောင်း သိရသည်။