အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှု လက်မခံနိုင်၍ အာဏာသိမ်းအဖွဲ့၏ လေတပ်မှ အရာခံဗိုလ် နောက်တစ်ဦး CDM ပြုလုပ်လာ

အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှု လက်မခံနိုင်၍ အာဏာသိမ်းအဖွဲ့၏ လေတပ်မှ အရာခံဗိုလ် နောက်တစ်ဦး CDM ပြုလုပ်လာ
ဖေဖော်ဝါရီ 12, 2022 | အခြားဒေသများ

အာဏာသိမ်းစစ်ကောင်စီက အရပ်သားပြည်သူလူထုအပေါ် လေကြောင်းမှ အကြိမ်ကြိမ် ဗုံးကြဲနေခြင်းကို လက်မခံနိုင်တော့သည့်အတွက် တပ်မတော်(လေ)မှ လေကြောင်းစက်ပစ် အရာခံဗိုလ် ထိန်လင်းသည် ပြည်သူ့ပန်းတိုင်အဖွဲ့နှင့် ဆက်သွယ်ပြီး ပြည်သူ့ဘက်ရပ်တည်လာကြောင်း သိရသည်။ 

ကျွန်တော်ရဲ့ တပ်ထဲက ရာထူးကတော့ လေကြောင်းစက်ပစ်ပါ။  ရာထူးအဆင့်အတန်းက အရာခံဗိုလ်၊ ဒုအရာခံဗိုလ် ထက်မြင့်ပြီး ဗိုလ်ထက်မနိမ့်သော အဆင့်အတန်းပါ။ ကျွန်တော်နဲ့ သီဟဝင်း နှစ်ယောက်စလုံးက ဒီရာထူးအတွက် သင်တန်းဆင်းပြီးစ တာဝန်ကျတာပါ။

ဟု ပြည်သူ့ပန်းတိုင်အဖွဲ့၏ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့ ထုတ်ပြန်ချက်တွင် အဆိုပါ CDM အရာခံဗိုလ်က ပြောကြားထားသည်။

လေကြောင်းစက်ပစ် အရာခံဗိုလ်သီဟဝင်းမှာလည်း စစ်ကောင်စီက အရပ်သားပြည်သူလူထုအပေါ် လေကြောင်းကနေ အကြိမ်ကြိမ် ဗုံးကြဲနေခြင်းကို လက်မခံနိုင်တော့သည့်အတွက် ပြည်သူ့ပန်းတိုင် အဖွဲနှင့်ချိတ်ဆက်ကာ ပြည်သူဘက်ရပ်တည်ကြောင်း ဖေဖော်ဝါရီလ(၁၁)ရက် ထုတ်ပြန်ထားသည်။

ပြည်သူ့ဘဏ္ဍာကိုစားပြီး ပြည်သူကိုအနိုင်ကျင့် သတ်ဖြတ်နှိပ်စက်နေသည့် စစ်ကောင်စီလက်အောက်တွင် မတရားခြင်းကို မတရားမှန်းသိရက်နှင့် ဆက်လက်လုပ်ဆောင်ရန် မဖြစ်နိုင်ခြင်းကြောင့် အခုကဲ့သို ပြည်သူ့ဘက်ကို ကူးပြောင်းရပ်တည်ခြင်းဖြစ်ကြောင်း CDM ပြုလုပ်သည့် အရာခံဗိုလ်ကပြောသည်။

ကျွန်တော်စပြီး ဆက်သွယ်ဖြစ်တာကတော့ ၁၁ လပိုင်း လောက်ကဖြစ်ပြီး Pre-CDM လုပ်ခဲ့ပါတယ်။ ဒါပေမယ့် COVID-19 ရောဂါဖြစ်ပွားနေမှု၊ ငွေကြေးအဆင်မပြေမှုတိုကြောင့် ချက်ချင်း မထွက်ခွာနိုင်ခဲ့ပါဘူး။ ကျွန်တော်လည်း သီဟဝင်းနဲ့အတူ People’s Soldiers Facebook Page ကို ဆက်သွယ်ခဲ့ပြီး သူတိုရဲ့စီစဉ်ပေးမှုနဲ့ လွတ်မြောက်နယ်မြေမှာ ခိုလှုံရောက်ရှိနေပါပြီ။ တော်လှန်ရေးမှာလည်း လုပ်လို့ရတာအားလုံးကို ပါဝင်လုပ်ဆောင်သွားပါမယ်။

ဟု ၎င်းကပြောသည်။

ဒါ့အပြင် ပြည်သူများအနေဖြင့် စည်းစည်းလုံးလုံးနှင့် ဆက်လက်လုပ်ဆောင်ကြရန်၊ အခက်အခဲတွေနဲ့တွေ့တိုင်း စိတ်ပျက်မှု၊ အားလျော့မှုမရှိပဲ လိုချင်တဲ့ပန်းတိုင်ကိုရောက်အောင်သွားကြရန် ၎င်းက တိုက်တွန်းထားသည်။

#TachileikNewsAgency