မိတ္ထီလာမြို့တွင် အသံတိတ်သပိတ် မလုပ်ဆောင်နိုင်ရန်အတွက် လိုက်လံ ဖိအားပေး ခြိမ်းခြောက်

မိတ္ထီလာမြို့တွင် အသံတိတ်သပိတ် မလုပ်ဆောင်နိုင်ရန်အတွက် လိုက်လံ ဖိအားပေး ခြိမ်းခြောက်
ဇန်နဝါရီ 27, 2022 | အခြားဒေသများ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့တွင် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် ဆိုင်များပိတ်ပြီး အသံတိတ်သပိတ် မလုပ်ဆောင်နိုင်ရန်အတွက် ယနေ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၂၇)ရက်နေ့တွင် ခရိုင်/မြို့နယ်စစ်ကောင်စီအဖွဲ့က တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လိုက်လံ ဖိအားပေး ခြိမ်းခြောက်ကာ လက်မှတ်ထိုးခိုင်းနေသည်။

ဖေဖော်ဝါရီလ(၁)ရက်နေ့မှာ ဆိုင်တွေ မဖြစ်မနေ ဖွင့်ဖို့ဆိုပြီး တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လက်မှတ်တွေထိုး ခိုင်းတယ်။ ဆိုင်ပိတ်ရင်လည်း အကြောင်းပြချက် မခိုင်လုံရင် ပြင်းထန်တဲ့ ဥပဒေနဲ့ အရေးယူမယ်လို့လည်း ရဲ နဲ့ စည်ပင်က ပြောသွားတယ်။

ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

နိုင်ငံအား အာဏာသိမ်း အကြမ်းဖက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်က သိမ်းယူလိုက်သည့် အာဏာသိမ်းကာလ(၁)နှစ်ပြည့်အဖြစ် ပြည်သူများက  ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် အပြင်မထွက် အသံတိတ်သပိတ်လုပ်ဆောင်ကြမည်ဟု နှိုးဆော်ထားရှိပြီး ဈေးသည်များကလည်း ဆိုင်များပိတ်မည်ဟု နှိုးဆော်ထားသည့်အတွက် စစ်ကောင်စီအဖွဲ့က ပြည်သူများကို တားမြစ်ကာ လိုက်လံခြိမ်းခြောက်နေခြင်း ဖြစ်သည်။