ယင်းမာပင်မှ ထွက်ခွာလာသည့် အာဏာသိမ်းစစ်ယာဉ်တန်းများ (၂)ရက်အတွင်း ပြောက်ကျားနည်းဖြင့် မိုင်းဆွဲခံရပြီး သေဆုံး အထိနာ၍ ရွာအတွင်း နေအိမ်များကို မီးရှို့ ဖျက်ဆီး

ယင်းမာပင်မှ ထွက်ခွာလာသည့် အာဏာသိမ်းစစ်ယာဉ်တန်းများ (၂)ရက်အတွင်း ပြောက်ကျားနည်းဖြင့် မိုင်းဆွဲခံရပြီး သေဆုံး အထိနာ၍ ရွာအတွင်း နေအိမ်များကို မီးရှို့ ဖျက်ဆီး
ဇန်နဝါရီ 9, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့မှ ထွက်လာသည့် အာဏာသိမ်းစစ်တပ်၏ ယာဥ်တန်းများ (၂)ရက်အတွင်း မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အများအပြား သေဆုံးမှုများရှိနေပြီး အထိနာသွား၍ ကျေးရွာအတွင်းက နေအိမ်(၃)လုံးဝန်းကျင်ကို မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်သွားကြောင်း ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစု၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၂ခုနှစ် ဇန်နဝါရီလ(၈)ရက်နေ့က ယင်းမာပင်ဘက် မှ ထွက်လာသည့် အာဏာသိမ်းစစ်တပ်၏ ယာဉ်တန်းကို   ဖိုဝင်တောင်လမ်းဆုံ၏ အရှေ့ဘက် အင်ကြင်းတောင်လမ်းခွဲတွင် ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုမှ   ဆားလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ ကား(၄)စီးထိပြီး အာဏာသိမ်း စစ်တပ်သား အများအပြား သေကြောင်း သိရသည်။

ယနေ့ ဇန်နဝါရီလ(၉)ရက်တွင် ယင်းစစ်ယာဉ်တန်း  ဆက်ထွက်လာရာ (၁၆)ကုတင်အနီးအရောက်တွင် ဆားလင်း PDF မှ မိုင်းထပ်ဆွဲရာ ကား(၃)စီး မိုင်းထိမှန်ပြီး စစ်ကောင်စီ တပ်သားအများအပြား သေကြောင်း သိရသည်။

ကျန်ရှိနေသေးသည့် စစ်သားများသည် ဆက်ထွက်လာရာ ဒုံးတောရွာ၊ ယမားတံတား မကူးသေးဘဲ ရှေ့ပြေးသမားက ယမားတံတားအဝင် မိုင်းထောင်ထားတာသည်ကို သွားဖြုတ်ချိန်၌  မိုင်းဆွဲတိုက်ခိုက်ခံရ၍  သေဆုံးမှုများ ထပ်ရှိမံ ဖြစ်ပွားကြောင်း သိရသည်။ 

 

ယင်းသို့  မိုင်းဆွဲတိုက်ခိုက်မှုကြောင့်  အထိနာသွားသည့် အာဏာသိမ်းစစ်တပ်သည် နောက်ယမားတံတား၏ မြောက်ဘက်ထိပ် လမ်းအရှေ့ဘက်ရှိ ပြည်သူများ၏ နေအိမ် (၃)လုံးဝန်းကျင်ကို  မီးရှို့ခဲ့ကြောင်း  သိရသည်။ 

ယင်း မီးရှို့မှုကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

#TachileikNewsAgency