ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် BGF တို့၏ (၅)ရက်အကြာ ကျူးကျော်တိုက်ပွဲတွင် အရပ်သားနေအိမ်နှင့်ဆိုင်များ ဖျက်ဆီးခံရပြီး ရွှေ ငွေများကို ခိုးယူသွား

ပုံအညွန်း - စစ်ကောင်စီ တပ်နှင့် BGF တို့၏ ဖျက်ဆီးမှုကို ခံရသည့် ဆိုင်တစ်ဆိုင်
ပုံအညွန်း - စစ်ကောင်စီ တပ်နှင့် BGF တို့၏ ဖျက်ဆီးမှုကို ခံရသည့် ဆိုင်တစ်ဆိုင်
ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် BGF တို့၏ (၅)ရက်အကြာ ကျူးကျော်တိုက်ပွဲတွင် အရပ်သားနေအိမ်နှင့်ဆိုင်များ ဖျက်ဆီးခံရပြီး ရွှေ ငွေများကို ခိုးယူသွား
ဖေဖော်ဝါရီ 2, 2022 | အခြားဒေသများ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၂၆)ရက်နေ့ကစပြီး အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ကရင်နယ်ခြားစောင့်တပ်(BGF)တို့ ပူးပေါင်းအဖွဲ့နှင့်  KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့  (၅) ရက်ကြာတိုက်ပွဲအတွင်း အာဏာသိမ်းတပ်နှင့် BGF ပူးပေါင်းအဖွဲ့က အရပ်သားနေအိမ်များကို ဖျက်ဆီးကာ တန်ဖိုးရှိပစ္စည်းများ ယူသွားကြကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပြီး ရှိသမျှ ဈေးဆိုင်၊ အိမ်တွေကို ဖျက်ဆီးခံရတယ်။ ပစ္စည်းတွေ ခိုးသွားတယ်။ တစ်အိမ်ဆို သိန်း(၁၃၀)လောက်ပါသွားတယ်။ ဈေးဆိုင်တစ်ဆိုင်ကဆို (၁၈) သိန်းလောက်ပါသွားတယ်။ အားလုံးပေါင်းရင် သိန်း(၂၀၀) နီးပါး ခိုးသွားတယ်။ တစ်ချို့အိမ်တွေဆို ရွှေတွေပါသွားတယ်။ တစ်ချို့ဆို (၅)သိန်းလောက်ပါသွားကြတယ်။

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

ကျိုက်ထိုမြို့နယ်အတွင်း ဇီးပြောင်း၊ မဲရိုးကြီး၊ ကော်ကပ်၊ မိုးဘောနတ်စင်ရွာတို့တွင် (၅)ရက်ကြာကာလအတွင်း တိုက်ပွဲ(၆)ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဘက်မှ (၇)ဦးသေ၊ ထိခိုက်သူများရှိကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်သည် ဇန်နဝါရီလ(၃၀)ရက်နေ့က မိုးဘောနတ်စင်တိုက်ပွဲတွင် PDF တပ်သား(၂)ဦးနှင့် KNLA တပ်မဟာ(၁)မှ တပ်သားတစ်ဦးတို့ကို ဖမ်းဆီးသတ်ဖြတ်သွားပြီး ဒေသခံ(၅)ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

 

အာဏာသိမ်းစစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းအဖွဲ့က ကျေးရွာတွင်းဝင်ရောက်ဖျက်ဆီးမှုများကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။