တန့်ဆည်မြို့နယ် ကပေါင်းကျရွာကို အာဏာသိမ်းစစ်တပ်က (၁၀)ကြိမ်မြောက် မီးရှို့နေ

တန့်ဆည်မြို့နယ် ကပေါင်းကျရွာကို အာဏာသိမ်းစစ်တပ်က (၁၀)ကြိမ်မြောက် မီးရှို့နေ
ဇန်နဝါရီ 2, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်းရှိ ကပေါင်းကျကျေးရွာကို အာဏာသိမ်းစစ်တပ်က ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၂) ရက်နေ့တွင် နေအိမ်များကို မီးရှို့နေပြီး ကပေါင်းကျရွာကို (၁၀) ကြိမ်မြောက် မီးရှို့ခြင်းဖြစ်သည်။

အာဏာသိမ်းစစ်တပ်က ကပေါင်းကျကျေးရွာကို အကြိမ်ကြိမ်ဝင်၍ နေအိမ်များမီးရှို့ခဲ့ပြီး (၉)ကြိမ်မြောက်အထိ နေအိမ်(၆၁)လုံး မီးလောင်ဆုံးရှုံးထားပြီး ယနေ့တွင် ထပ်မံမီးရှီု့နေခြင်းဖြစ်သည်။

ကပေါင်းကျရွာကို အာဏာသိမ်းစစ်တပ်က အကြိမ်ကြိမ်ဝင်၍ မီးရှို့ခြင်းနှင့် ရွာတွင်း တပ်စွဲနေခြင်းတို့ကြောင့် ဒေသခံ (၃၀၀၀)နီးပါးမှာ နှစ်လကျော်သည်အထိ နေရပ်ပြန်နိုင်ခြင်းမရှိကြသေးဘဲ စစ်ဘေးရှောင်နေကြရခြင်းဖြစ်သည်။

အာဏာသိမ်းစစ်တပ်က ကျေးရွာတွင်း အကြိမ်ကြိမ်မီးဝင်ရှို့ခံရခြင်း၊ ဝင်ရောက်တပ်စွဲ၍ ဒေသခံများကို အကြမ်းဖက်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများလုပ်လာသဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၈) ရက်နေ့တွင် ရပ်ရွာကာကွယ်ရေးအတွက် ကပေါင်းကျရွာကာကွယ်ရေးအဖွဲ့ K.P.K PDF [Guerrilla Warfare K.P.K] ကို အမျိုးသားညီညွတ်ရေးအစိုးရ၏ လမ်းစဉ်အောက်တွင် ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့သည်။

အာဏာသိမ်းစစ်တပ်က တန့်ဆည်မြို့နယ်အတွင်း ကျေးရွာများတွင် ဝင်မွှေပြီး နေအိမ်များမီးရှို့နေရာ (၉)ကြိမ်မြောက်အထိ ကပေါင်းကျကျေးရွာမှ နေအိမ် (၆၁)လုံး၊ ကျီကုန်းကျေးရွာမှ နေအိမ် (၂၄) လုံး၊ ကျွန်းလယ်ကျေးရွာမှ နေအိမ် (၄)လုံး၊ ပုတီးကျေးရွာမှ နေအိမ် (၁)လုံးအပြင် ဒီဇင်ဘာလ (၂၆) ရက်နေ့ကလည်း မြောက်အင်းကျေးရွာမှ နေအိမ်အချို့ကို မီးရှို့ခဲ့သည်။