အမျိုးသမီးများသည် အမျိုးသားများနှင့်တန်းတူ အခွင့်အရေးရရှိရေးအတွက် လမ်းပြပေးဖို့လိုကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA)၏ ဒုတိယဥက္ကဌ ဗိုလ်ချုပ် တားဂျုတ်ဂျား သင်တန်းဆင်းပွဲတွင် ပြောကြားလိုက်သည်။
အမျိုးသမီး နဲ့ အမျိုးသားတွေ တန်းတူအခွင့်အရေး မရကြသေးတာဟာ ရှေးရိုးထုံးတမ်း လွှမ်းမိုးမှုတွေကြောင့် ဖြစ်ပါတယ်။ အဲကြောင့် သင်တန်းများများဖွင့်ပြီး အမျိုးသမီးတွေကို စွမ်းရည်မြှင့်တင်ပေးရမယ်။ သူတို့ကိုသူတို့ အမျိုးသားနဲ့တန်းတူပဲဆိုတာ လမ်းပြပေးဖို့ လိုပါတယ်။ အမျိုးသမီးတွေကိုယ်တိုင်ကလည်း ခွန်အားအရ မဟုတ်ပေမယ့် စဉ်းစားတွေးခေါ်တဲ့နေရာမှာ အမျိုးသားနဲ့ယှဉ်နိုင်နေရမယ်
ဟု PSLF/TNLA ၏ ဒုတိယဥက္ကဌ ဗိုလ်ချုပ် တားဂျုတ်ဂျားက သင်တန်းဆင်းပွဲ၏ အခမ်းအနားတွင် အမှာစကားတွင် ပြောကြားခြင်း ဖြစ်သည်။
PSLF/TNLA ၏ ထိန်းချုပ်နယ်မြေတစ်နေရာတွင် အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးသင်တန်းဆင်းပွဲအား ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၂၉)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး PSLF/TNLA ၏ ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၃၁)ရက်နေ့တွင် PSLF/TNLA ၏ သတင်းနှင့် ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်လာသည်။
ကျွန်တော်တို့ တပ်ထဲက အမျိုးသမီးတိုင်းကို ပြည်တွင်းဥပဒေ နဲ့ အခွင့်အရေးအပြင် နိုင်ငံတကာဥပဒေ နဲ့ အမျိုးသမီးအခွင့်အရေးတွေကိုလည်း များများသင်ကြားပေးဖို့ လိုတယ်။ နိုင်ငံတကာ အတွေးအခေါ်တွေ၊ အခြေခံဗဟုသုတတွေ သူတို့များများသိထားရင် အလုပ် လုပ်တဲ့နေရာမှာလည်း သူတို့ကိုယ်သူတို့ ယုံကြည်မှု ပိုရှိလာပြီး အဆင့်မြင့်နိုင်ငံရေးသင်တန်းတို့လိုဟာမျိုးလည်း အရည်အချင်းရှိရှိနဲ့ တက်ရောက်နိုင်မှာဖြစ်ပါတယ်
ဟု PSLF/TNLA ၏ အထွေအထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က ပြောကြားသည်။
အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးသင်တန်းအား ၂၀၂၁ခုနှစ် ဩဂုတ်လ(၂၅)ရက်နေ့မှ ဒီဇင်ဘာလ(၁၀)ရက်နေ့အထိ (၃)လတာ ဖွင့်လှစ်ပြီး human rights, child rights, women rights, women law, rule of law, constitution, facilitation, leadership skills, democracy, public speaking, project management, computer, O Development, ရုံးလုပ်ငန်း နှင့် အမှုကောက်ယူမှုပုံစံ စသည့် ဘာသာရပ် (၁၅) ခု သင်ကြားခဲ့ပြီး သင်တန်းသူ (၂၇) ဦး တက်ရောက်ခဲ့ကြောင်း နှင့် အဆိုပါ သင်တန်းသည် ပထမဆုံးအကြိမ် ဖွင့်လှစ်သော သင်တန်းဖြစ်ပြီး လာမည့်နှစ်များတွင်လည်း တစ်နှစ် (၁) ကြိမ် ဖွင့်လှစ်သွားနိုင်ဖို့ ရည်မှန်းထားကြောင်း သိရသည်။
#TachileikNewsAgency
Photo: PSLF/TNLA