ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်ပါ အိုမီခရွန်တွေ့လာ၍   ကူးစက်မှုတိုးလာနေပြီး နှစ်သစ်ကူးပိတ်ရက်များအလွန်တွင် ကူးစက်မှု မြင့်တက်နိုင်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်ပါ အိုမီခရွန်တွေ့လာ၍   ကူးစက်မှုတိုးလာနေပြီး နှစ်သစ်ကူးပိတ်ရက်များအလွန်တွင် ကူးစက်မှု မြင့်တက်နိုင်

ထိုင်းနိုင်ငံအတွင်း နှစ်သစ်ကူးပိတ်ရက်ရှည်ကာလအတွင်း COVID 19 ဗီဇပြောင်း အိုမီခရွန်ကူးစက်ခံရသူ တွေ့ရသည့် ဒေသတိုးလာပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၆)ရက်နေ့အထိ ဘန်ကောက်၊ ချင်းမိုင်၊ လွိုင်၊ ဆုန်ခလနှင့် ဆူရင်းဒေသတို့တွင် အိုမီခရွန်ကူးစက်ခံထားရသူများကို တွေ့ရှိထားကြောင်း သိရသည်။

ချင်းမိုင်တွင် တွေ့ရသည့် ဂျာမန်နှင့် ဗြိတိန် (၂) ဦးမှာ Quarantine ဝင်ရန်မလိုဘဲ လေဆိပ်တွင် စစ်ဆေးသည့် အစီအစဉ်ဖြင့် ဘန်ကောက်မှ ချင်းမိုင်သို့ သွားရောက်ခဲ့သူများဖြစ်ပြီး ၎င်းတို့နှင့်ထိတွေ့၍ ကူးစက်နိုင်ချေရှိသူ (၂၁)ဦးရှိသည်ဟု သိရသည်။

လွိုင်တွင်တွေ့ရသည့် အိုမီခရွန်ကူးစက်သူမှာ ထိုင်း-ပြင်သစ်မိသားစုဖြစ်ပြီး အမျိုးသမီးက ဒီဇင်ဘာ (၁၆)ရက်က ထိုင်းသို့ရောက်ရှိစဉ် လွိုင်ဒေသသို့ မသွားမီ ဘန်ကောက်၌ မိတ်ဆွေ (၁၀)ဦးနှင့် တွေ့ဆုံခဲ့သည်ဟု သိရသည်။

ဆုန်ခလတွင် တွေ့ရသည့် အိုမီခရွန်ကူးစက်ခံရသူမှာ ဆက်သီဖရာဒေသတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

ဆူရင်းဒေသတွင် ဒီဇင်ဘာလ (၂၆) ရက်နေ့အထိ အိုမီခရွန်ကူးစက်ခံရသူ (၃)ဦးတွေ့ထားပြီး ပထမဆုံးကူးစက်ခံရသူမှာ ဒီဇင်ဘာ ၁၅ မှ ၁၇ အထိကျင်းပသည့် ဖျော်ဖြေပွဲသွားခဲ့သူဖြစ်၍ ကူးစက်ခံရနိုင်ချေရှိသူများပြီး ကျန် (၂) ဦးမှာ ဒိန်းမတ်မှ ပြန်လာသူများဖြစ်ကြသည်ဟု သိရသည်။

ထိုင်းနိုင်ငံတွင် COVID 19 ဗီဇပြောင်း ကူးစက်မြန် အိုမီခရွန်ဖြစ်ပွားနေသည့် နိုင်ငံများမှ ဝင်လာသူများတွင် တွေ့ရပြီး ဘန်ကောက်၌ အများဆုံး စတင်တွေ့ခဲ့ရခြင်းဖြစ်သော်လည်း ကာကွယ်ဆေးအပြည့်အဝထိုးပြီးသူများ quarantine မလိုဘဲ သွားလာနိုင်သည့်အစီအစဉ်နှင့် နှစ်သစ်ကူးပိတ်ရက်ရှည်လည်ပတ်မှုများအတွင်း အိုမီခရွန်ကူးစက်ထားသူများကို အခြားဒေသများတွင်ပါ တွေ့လာရခြင်းဖြစ်သည်။



Source: Bangkok Post, The Nation