ထိုင်းနိုင်ငံက လေဆိပ်တွင် ပြည်ပခရီးသွားများထံမှ ခရီးသွားကြေး ဘတ်(၃၀၀) ကောက်ခံမည့် အစီအစဥ် ဖျက်သိမ်း

ထိုင်းနိုင်ငံက လေဆိပ်တွင် ပြည်ပခရီးသွားများထံမှ ခရီးသွားကြေး ဘတ်(၃၀၀) ကောက်ခံမည့် အစီအစဥ် ဖျက်သိမ်း
By Mr John

ထိုင်းနိုင်ငံက လေကြောင်းခရီးဖြင့် ရောက်ရှိလာသော ခရီးသွား ဧည့်သည်များထံမှ ခရီးသွားကြေး ဘတ် (၃၀၀) (အမေရိကန်ဒေါ်လာ ၈.၂၀) သတ်မှတ်ကောက်ခံရန် အစီအစဥ်ကို ဖျက်သိမ်းလိုက်ကြောင်း သိရသည်။ 

ထိုင်းဝန်ကြီးချုပ် ဆရတ်သာ သာဗီစင်က ၂၀၂၄ ခုနှစ် ဇွန်လ (၈) ရက်နေ့တွင် ချင်းမိုင်းသို့သွားရောက်သည့် ခရီးစဥ်အတွင်း အစိုးရ၏ အဆိုပါ ဆုံးဖြတ်ချက်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။

"အခြား နေရာတွေမှာ ခရီးသွားတွေ အသုံးစရိတ် ပိုမိုမြင့်တက်လာစေနိုင်တဲ့ အခြေခံ အကြောင်းရင်းကြောင့် ခရီးသွားကြေး ကောက်ခံမယ့် အစီအစဥ်ကို ဖျက်သိမ်းလိုက်ပါပြီ။ ဒီလို ဆောင်ရွက်မှုက စီးပွားရေးမြှင့်တင်ဖို့ ပိုပြီး အထောက်အပံ့ ဖြစ်စေပါတယ်" ဟု ဝန်ကြီးချုပ် သာဗီစင်က ပြောကြောင်း ထိုင်းအစိုးရ ပြည်သူ့ဆက်ဆံရေးဌာန၏ ဝက်ဘ်ဆိုက်တွင် ၂၀၂၄ ခုနှစ် ဇွန်လ (၁၀) ရက်နေ့၌ ဖော်ပြထားသည်။

ထိုင်းနိုင်ငံ၏ ယခင် အစိုးရက အငြင်းပွားဖွယ် ခရီးသွားကြေး ကောက်ခံမည့် အစီအစဥ်ကို ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလတွင် အတည်ပြုထားခဲ့ခြင်း ဖြစ်သည်။ 

ခရီးသွားကြေးကောက်မည့် အစီအစဥ်ကို ပုဂ္ဂလိကကဏ္ဍမှ ဆန့်ကျင်ကန့်ကွက်မှုများရှိခဲ့ကြောင်း ထိုင်းအစိုးရ ပြည်သူ့ဆက်ဆံရေးဌာန Government Public Relations Department က ပြောသည်။

ထိုင်းနိုင်ငံတွင် လက်ရှိ အစိုးရက ခရီးသွားလုပ်ငန်းကို အားပေးပြီး စီးပွားရေးမြှင့်တင်ရန် ကြိုးပမ်းလျက်ရှိသည်။ 

၂၀၂၄ ခုနှစ် ဇွန်လမှ၍ နိုင်ငံ (၉၃) ခုမှ ခရီးသွားများကို ဗီဇာမလိုအပ်ဘဲ ရက် (၆၀) အထိ နေထိုင်ခွင့်ပြုခဲ့သော်လည်း မြန်မာ မပါဝင်သေးကြောင်း သိရသည်။ 

ယခင်က ထိုသို့ နေထိုင်ခွင့်ပြုမှုကို နိုင်ငံ (၅၇) ခုအတွက်သာ သတ်မှတ်ထားခြင်းလည်း ဖြစ်သည်။ 

ဆိုက်ရောက်ဗီဇာကိုလည်း နိုင်ငံအရေအတွက်တိုး၍ ထုတ်ပေးသွားမည်ဟု ဆိုသည်။

ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက ၂၀၂၄ ခုနှစ် ဧပြီလ (၃၀) ရက်နေ့ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁) ရက်နှင့် ဧပြီလ (၂၈) ရက်နေ့အတွင်း ပြည်ပခရီးသွား (၁၁.၉၅) သန်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။ 

ထိုကာအတွင်း ပြည်ပခရီးသွားကဏ္ဍကနေ နိုင်ငံအတွက် ဘတ် (၅၇၅) ဘီလီယံ ဝင်ငွေရရှိခဲ့ကြောင်းလည်း ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက ဆိုသည်။

 ထိုင်းနိုင်ငံက ၂၀၂၄ ခုနှစ်တွင် စုစုပေါင်း ပြည်ပခရီးသွား သန်း (၄၀) ခန့် ဝင်ရောက်မည်ဟု မျှော်လင့်ထားသည်။

Source: CNA