ဩစတြေးလျနိုင်ငံ တက်စ်မေးနီးယားကျွန်း၏ အနောက်ဘက်ကမ်းရိုးတန်းရှိ ဝေးလံသည့် ကမ်းခြေတစ်ခုတွင် ဝေလငါး အကောင်ရေ (၂၀၀) ကျော် သောင်တင်နေကြောင်း သိရသည်။
ရေကြောင်းလမ်းပြ ဝေလငါးများ (pilot whale) ဖြစ်ပုံရသည့် ထိုဝေလငါးအုပ်စုအနက် ထက်ဝက်မှာ အသက်ရှင်နေဆဲဟု ယူဆရပြီး ကယ်ဆယ်ရေးသမားများက ပင်လယ်ထဲသို့ ပြန်ပို့ပေးနေကြသည်။
မည်သည့်အကြောင်းကြောင့် ဝေလငါး အမြောက်အမြား အုပ်စုလိုက် သောင်လာတင်သည်ကို အတိအကျ မသိရသေးဟု ဆိုသည်။
လွန်ခဲ့သည့် (၂) နှစ်ကလည်း ထိုနေရာ၌ပင် ဩစတြေးလျတွင် ဝေလငါးများ အဆိုးဆုံး သောင်တင်မှုအဖြစ် တွေ့ခဲ့ရဖူးသည်။
တက်စ်မေးနီးယား မြောက်ပိုင်းတွင် ဝေလငါး (၁၄) ကောင် သောင်တင်ခဲ့ပြီး နောက်တစ်ရက်၌ ယခုဝေလငါးများကို သောင်တင်မှုကို တွေ့လာရခြင်းလည်း ဖြစ်သည်။
တက်စ်မေးနီးယား မြောက်ပိုင်း Bass ရေလက်ကြားရှိ King ကျွန်းပေါ်တွင် စက်တင်ဘာလ (၂၀) ရက်နေ့က ဝေလငါး (၁၄) ကောင် သောင်တင်သေဆုံးနေသည်ကို တွေ့ခဲ့ရသည်။
စက်တင်ဘာလ (၂၁) ရက်နေ့က တွေ့ခဲ့ရသည့် သောင်တင်နေသော ဝေလငါးအကောင်ရေ (၂၃၀) အနက်မှ အသက်ရှင်နေသေးသည့် ဝေလငါးများကို ကယ်ဆယ်ရေး ကျွမ်းကျင်သူများက ပြင်ဆင်နေကြသော်လည်း ကယ်ဆယ်ရေးလုပ်ငန်းမှာ တည်နေရာကြောင့် ရှုပ်ထွေးလိမ့်မည်ဟု တက်စ်မေးနီးယားပြည်နယ် Department of Natural Resources and Environment ဌာနက ထုန်ပြန်ချက်တွင် ပြောထားသည်။
"သူတို့ထဲက တစ်ဝက်လောက်က အသက်ရှင်နေသေးတယ်" ဟု ထိုဌာနက ဆိုသည်။
Macquarie ဆိပ်ကမ်းမှာ ဩစတြေးလျ ကျေးလက်ဒေသရှိ ကြီးမားပြီး ရေတိမ်သည့် ပင်လယ်ဝင်ပေါက်နေရာလည်း ဖြစ်သည်။
စက်တင်ဘာလ (၂၁) ရက်နေ့ ညပိုင်းတွင် နောက်ထပ် ဝေလငါးများ သေဆုံးနိုင်ကြောင်း ခန့်မှန်းထားပြီး ဒေသခံများက သောင်တင်နေသည့် ဝေလငါးများပေါ်ကို အသက်ရှင်စေရန် စောင်များအုပ်ပြီး ရေလောင်းပေးနေကြကြောင်း သိရသည်။
Source: BBC
Photo: DEPARTMENT OF NATURAL RESOURCES AND ENVIRONMENT, HUON AQUACULTURE, Australian Broadcasting Corporation, Brodie Weeding/Reuters,