ထိလွယ်ရှလွယ်ဖြစ်သော အမှုများကို လိုက်ပါဆောင်ရွက်မှုကြောင့် လိုင်စင်အသိမ်းခံရသည့် တရုတ်လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေတစ်ဦး လာအိုနိုင်ငံတွင် အဖမ်းခံခဲ့ရသည်။
လာအိုနိုင်ငံသို့ ရောက်ရှိနေသည့် Lu Siwei အမည်ရှိ လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေမှာ ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၈) ရက်နေ့က ရထားခရီးစဥ်ဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်ရန် ပြင်ဆင်နေစဥ် လာအိုရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။
Lu က ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရောက်ပြီး ထိုမှတစ်ဆင့် ဇနီးနှင့်သမီးတို့ရှိရာ အမေရိကန်နိုင်ငံသို့ ဆက်လက်သွားရောက်ရန် စီစဥ်ထားသည်ဟု ဆိုသည်။
၎င်းကို တရုတ်နိုင်ငံသို့ ပြန်ပို့မည်ကို စိုးရိမ်နေကြပြီး ပြန်ပို့ခံရပါက တရုတ်တွင် ထောင်ဒဏ်ချမှတ်ခံရနိုင်ကြောင်း သိရသည်။
"ကျွန်မ သူ့ရဲ့ ဘေးကင်းမှုအတွက် အရမ်း စိုးရိမ်ပါတယ်။ သူ တရုတ်ကို ပြန်ပို့ခံရရင် သေချာပေါက် ထောင်ကျမှာပါ" ဟု ရှေ့နေ Lu ၏ ဇနီး Zhang Chunxiao က ပြောသည်။
Lu က ထိလွယ်ရှလွယ်ဖြစ်သော အမှုများကို လိုက်ပါဆောင်ရွက်ခဲ့သည့် မှတ်တမ်းရှိပြီး တရုတ်အာဏာပိုင်များ၏ နိုင်ငံရေးအရ ပစ်မှတ်ထားခံရသူများကို ခုခံကာကွယ်ပေးခဲ့သူလည်း ဖြစ်သည်။
ထိုင်ဝမ်သို့ ထွက်ပြေးရန် ကြိုးပမ်းခဲ့သည့် ဟောင်ကောင် ဒီမိုကရေစီအရေး လှုပ်ရှားသူတစ်ဦးအတွက် ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်တွင် တရုတ်အာဏာပိုင်များ Lu ၏ ရှေ့နေလိုင်စင်ကို ရုပ်သိမ်းခဲ့သည်။
ထိုနှစ်နှောင်းပိုင်းတွင် Lu ကို တရုတ်နိုင်ငံမှ ထွက်ခွာခွင့် ပိတ်ပင်ခဲ့သည်။
Lu ၏ ဇနီးနှင့် သမီးတို့မှာ အမေရိကန်နိုင်ငံသို့ ၂၀၂၂ ခုနှစ်အတွင်း ရွှေ့ပြောင်းအခြေချခဲ့ကြသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင် လက်ထက်တွင် နိုင်ငံ၏ တရားဝင် လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုမှာ အကြီးအကျယ် ပစ်မှတ်ထားခံနေရသည်။
၂၀၁၅ ခုနှစ်တွင် ရာနှင့်ချီသော တက်ကြွလှုပ်ရှားသူများနှင့် လူ့အခွင့်အရေး ရှေ့နေများ ဖမ်းဆီးခံခဲ့ရပြီး နောက်ပိုင်းတွင် "၇၀၉ ဖြိုခွင်းမှု" "709 crackdown" ဟု လူသိများလာခဲ့သည်။
ဖမ်းဆီးမှုများ စတင်ခဲ့သည့် ၂၀၁၅ ခုနှစ်၏ ဇူလိုင်လ (၉) ရက်နေ့ကို အစွဲပြုပြီး ထိုသို့ ခေါ်ဝေါ်ကြခြင်းလည်း ဖြစ်သည်။
နိုင်ငံမှ ထွက်ပြေးနေရသည့် တရုတ်အစိုးရ အတိုက်အခံများမှာ အရှေ့တောင်အာရှတွင် နှောင့်ယှက်မှုများ ကြုံနေရသည်။
တရုတ်အစိုးရ အတိုက်အခံတစ်ဦး၏ မိသားစုကိုလည်း ၎င်းတို့၏ အမည်များဖြင့် လေဆိပ်ကို ဗုံးခွဲမည်ဟု ခြိမ်းခြောက်မှုရှိခဲ့ပြီးနောက် ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။
Source: AP