စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်းရှိ လိပ်ခြံရွာကို ယမန်နေ့က ဝင်ရောက်တပ်စွဲထားသည့် အာဏာသိမ်းစစ်တပ်က အိမ်ဆိုင်တစ်ဆိုင်ကိုဖျက်၍ဝင်ပြီး စားသောက်စရာများ ယူသွားသည့်အပြင် ငွေသားနှင့် ရွှေထည်ပစ္စည်းတို့ကိုပါ ခိုးယူသွားကြသည်ဟု သိရသည်။
ယမန်နေ့က လိပ်ခြံရွာကိုဝင်၍ ပစ်ခတ်သဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်သွားကြရပြီး လက်နက်ကြီးပစ်ခတ်သံကြောင့် သက်ကြီးရွယ်အိုတစ်ဦးလည်း သေဆုံးသွားရသည်ဟု သိရသည်။
ယမန်နေ့က ရွာထဲ တပ်စွဲနေကြသည့် အာဏာသိမ်းစစ်တပ်က ယနေ့ နေ့လယ်ပိုင်းတွင် ရွာအပြင်မှနေ၍ ကာပေါင်းကျကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် အချက်ရေများစွာပစ်ခတ်ခဲ့သည်ဟုလည်း သိရသည်။
အာဏာသိမ်းစစ်တပ်သည် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်း၌ ဒီဇင်ဘာလအတွင်း တပ်အင်အားအရွှေ့အပြောင်းကို လေကြောင်းအသုံးပြုလာသည့်အပြင် မည်သည့်တိုက်ခိုက်မှုမှမရှိဘဲ ကျေးရွာများကို လေကြောင်းမှဝင်၍ပစ်ခတ်မှုများလည်းလုပ်လာသည်ကိုတွေ့ရသည်။
အာဏာသိမ်းစစ်တပ်ဝင်မွှေနေသဖြင့် ထွက်ပြေးတိမ်းရှောင်နေရသည့်ကျေးရွာအများအပြားရှိနေပြီး ဖုန်းလိုင်း၊ အင်တာနက်လိုင်းအခက်အခဲကြောင့် သတင်းအချက်အလက်များ တင်ပြနိုင်ခြင်းမရှိဘဲဖြစ်နေကြောင်းကိုလည်း ဒေသခံများထံမှ သိရသည်။