အာဏာသိမ်းတပ်က  ရဟတ်ယာဉ်ဖြင့် လာပစ်၍ ဒေသခံများ ထွက်ပြေးသွားသည့် နှမ်းခါးရွာမှ ပစ္စည်းများကို ပျူစောထီးအဖွဲ့က ကားဖြင့်သယ်ယူနေ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာကို အာဏာသိမ်းစစ်တပ်က ယမန်နေ့က ရဟတ်ယာဉ်များဖြင့် လာပစ်၍ ဒေသခံများထွက်ပြေးတိမ်းရှောင်နေကြရာ ယနေ့ ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် ရွာမှပစ္စည်းများကို ပျူစောထီးအဖွဲ့ကကားများဖြင့် လာသယ်နေကြသည်ကို ကာကွယ်မပေးနိုင်သည့်အတွက် များစွာစိတ်ထိခိုက်ရကြောင်း ဂန့်ဂေါ PDF က သတင်းထုတ်ပြန်သည်။

နှမ်းခါးရွာကို အာဏာသိမ်းစစ်တပ်က ဒီဇင်ဘာလ (၁၇) ရက်နေ့ နေ့လယ် (၁)နာရီခွဲဝန်းကျင်တွင် တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးအပါအဝင် ရဟတ်ယာဉ် (၆) စီးဖြင့် တစ်နာရီဝန်းကျင် လာရောက်ပစ်ခတ်ပြီး ပစ်ခတ်ချိန်တွင်လည်း ကျေးရွာကို တပ်ဖွဲ့ဝင်အင်အားအများအပြားဖြင့် ပိတ်ဆို့ထားခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ပိတ်ဆို့ပစ်ခတ်မှုအတွင်း သေဆုံးသူနှင့် ဖမ်းဆီးခံရသူများရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ယင်းနောက် အာဏာသိမ်းစစ်တပ်သည်  နှမ်းခါးကျေးရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထားပြီး ကျေးရွာအတွင်းရှိ နေအိမ်များကို ဝင်ရောက်ရှာဖွေနေကြပြီး  ဟံသာဝတီနှင့် မြောက်ခင်ရန်းဘက်မှ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့များကလည်း Faw ကား (၄) စီးဖြင့် လာရောက်ကာ နှမ်းခါးကျေးရွာဝန်းကျင်ရှိ စပါးခင်းများကို ရိတ်ခြွေယူဆောင်သည့်အပြင် ဆိုင်ကယ်များအပါအဝင် နေအိမ်များအတွင်းရှိ တန်ဖိုးကြီးပစ္စည်းများကို သယ်ယူနေကြောင်း သိရသည်။

#TachileikNewsAgency

Video: PDF-GanGaw