အာဏာသိမ်းစစ်ကောင်စီ စီစဉ်သည့် ၂၀၂၂ ပြည်ထောင်စုနေ့ ဂုဏ်ပြုသီချင်းဆိုပြိုင်ပွဲတွင် မိမိရေးသားထားသည့် သီချင်းကို မသုံးရန် တေးရေး မင်းချစ်သူ ကန့်ကွက်

 တေးရေးဆရာ မင်းချစ်သူ
တေးရေးဆရာ မင်းချစ်သူ
အာဏာသိမ်းစစ်ကောင်စီ စီစဉ်သည့် ၂၀၂၂ ပြည်ထောင်စုနေ့ ဂုဏ်ပြုသီချင်းဆိုပြိုင်ပွဲတွင် မိမိရေးသားထားသည့် သီချင်းကို မသုံးရန် တေးရေး မင်းချစ်သူ ကန့်ကွက်
ဒီဇင်ဘာ 5, 2021 | အခြားဒေသများ

အာဏာသိမ်းစစ်ကောင်စီက လာမည့် ၂၀၂၂ခုနှစ် ဖေဖေါ်ဝါရီ (၁၂) ရက်တွင် ကျရောက်မည့် ပြည်ထောင်စုနေ့တွင် သီချင်းဆိုပြိုင်ပွဲနှင့် ဖျော်ဖြေပွဲတွင်  အသုံးပြုရန်လျာထားသည့် သီချင်း (၉)ပုဒ်တွင် မိမိသီချင်းပါဝင်နေသဖြင့် အသုံးပြုခွင့်မပေးလိုကြောင်း တေးရေးမင်းချစ်သူက ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၅) ရက်နေ့၌ လူမှုကွန်ယက်မှတစ်ဆင့် တုန့်ပြန်အသိပေးထားသည်ကို တွေ့ရသည်။

"ခုလိုကာလမှာကျင်းပမယ့် အဆိုပြိုင်ပွဲ​တွေအတွက် ကျ​နော့်သီချင်း​တွေ​ကိုတော့ မသုံး​စေချင်ပါ"ဟု တေးရေးဆရာ မင်းချစ်သူက အသိပေးတုန့်ပြန်ထားခြင်းဖြစ်သည်။

အာဏာသိမ်းအဖွဲ့က ကျင်းပမည့် အဆိုပြိုင်ပွဲတွင် တေးရေး မင်းချစ်သူ၏ အသည်းကွဲမြို့တော်၊ ဂီတစာဆိုစိန်မောင်မြင့်၏ မျှော်လင့်နေတုန်းပျို့ဖုန်းလှမ်းခဲ့ပါ၊ ကိုသက်ဦး၏ အရိပ်ပမာ၊ မင်းယုနိုင်၏ စာဆိုစစ်သည်၊ ရန်ကင်းကိုကိုလေး၏ အတ္တအကျဉ်းသား၊ ပုသိမ်မောင်စိမ်းသူ၏ ယုဇနပင်နဲ့ ဖဲကြိုးဝါ၊ ကိုလေးလွင်၏ ပကာသနဇာတ်ပျက်သမား၊ စန္ဒရားလှထွတ်၏ မြင့်မိုရ်ထက်မြင့်သောနှင့် ဂီတစာဆိုအောင်ကျော်ထွန်း၏ ရေချမ်းသက်စေ့ပန်းသက်စေ့သီချင်းများကို အသုံးပြုမည်ဖြစ်၍ မူပိုင်ခွင့်ရှိသူများအား အသိပေးအကြောင်းကြားသည့် ကြော်ငြာစာကို ၎င်းတို့၏ ဝါဒဖြန့်သတင်းစာဖြစ်သည့် မြန်မာ့အလင်းမှတစ်ဆင့် ကြေညာထားခြင်းဖြစ်သည်။