အာဏာသိမ်းစစ်တပ်နှင့် လက်အောက်ခံ ပျူစောထီးအဖွဲ့၏ ဖမ်းဆီးခြင်းကိုခံရသည့် ဗကသများအဖွဲ့ချုပ် ဗဟိုကော်မတီဝင်ဟောင်း ကိုနှင်းအောင် ကျဆုံး

အာဏာသိမ်းစစ်တပ်နှင့် လက်အောက်ခံ ပျူစောထီးအဖွဲ့၏ ဖမ်းဆီးခြင်းကိုခံရသည့် ဗကသများအဖွဲ့ချုပ် ဗဟိုကော်မတီဝင်ဟောင်း ကိုနှင်းအောင် ကျဆုံး
ဒီဇင်ဘာ 4, 2021 | အခြားဒေသများ

 စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်နှင့် ၎င်းတို့လက်အောက်ခံ ပျူစောထီးအဖွဲ့တို့၏ ပူးပေါင်းဂိတ်တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၃) ရက်နေ့ နံနက် (၁၀)နာရီဝန်းကျင်က အဖမ်းခံလိုက်ရပြီးနောက် သတ်ဖြတ်ခံလိုက်ရ၍ ကျဆုံးသွားပြီဖြစ်ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နှင့် ဗကသများအဖွဲ့ချုပ်တို့က ဒီဇင်ဘာလ (၄) ရက်နေ့၌ သတင်းထုတ်ပြန်သည်။

တော်လှန်ရေးတွင် ကျဆုံးခဲ့ရသည့် ဗကသများအဖွဲ့ချုပ် ဗဟိုကော်မတီဝင်ဟောင်း တိုင်းရင်းသားရေးရာတာဝန်ခံဖြစ်သူ အသက် (၂၆)နှစ်အရွယ် ကိုနှင်းအောင်သို့ ဂုဏ်ပြုသဝဏ်လွှာကို ဗကသအဖွဲ့များနှင့် ဗကသများအဖွဲ့ချုပ် (ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ သမဂ္ဂများအဖွဲ့)တို့က ထုတ်ပြန်ခဲ့သည်။

အလားတူ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ စစ်ကိုင်းစစ်ဒေသကော်မတီဝင်နှင့် ဒေသနိုင်ငံရေးမှူး ရဲဘော်အောင်ဘညိုအဖြစ် တာဝန်ယူထားသည့် ကိုနှင်းအောင်အတွက် ဝမ်းနည်းကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

စစ်တပ်က ပြည်သူ့ဆန္ဒကိုဆန့်ကျင်ပြီး နိုင်ငံ့အာဏာသိမ်းထားသည့်အပြင် ပြည်သူများကို လက်နက်ဖြင့် အကြမ်းဖက်နှိမ်နှင်းနေမှုများကြောင့် ဒေသအသီးသီးတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များဖြင့် ပြည်သူ့ခုခံတော်လှန်မှုကို လုပ်ဆောင်လာကြခြင်းဖြစ်သည်။

#TachileikNewsAgency