တမူးမြို့တွင် လစာလာထုတ်သည့် အာဏာသိမ်းအဖွဲ့၏ ရဲကားတစ်စီးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်ခိုက်၊ ၁ ဦးသေ၊ ၃ ဦး ဒဏ်ရာရ

တမူးမြို့တွင် လစာလာထုတ်သည့် အာဏာသိမ်းအဖွဲ့၏ ရဲကားတစ်စီးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်ခိုက်၊ ၁ ဦးသေ၊ ၃ ဦး ဒဏ်ရာရ
ဒီဇင်ဘာ 1, 2021 | အခြားဒေသများ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့မှ လစာငွေထုတ်ယူပြီး ပြန်သွားသည့် အာဏာသိမ်းအဖွဲ့လက်အောက်ရှိ မြို့သစ်မြို့နယ် နယ်မြေရဲစခန်းမှ ရဲတပ်ကြပ်နှင့် ဇနီး၊ တပ်ဖွဲ့ဝင် (၂)ဦးတို့ လိုက်ပါလာသည့်အဖွဲ့ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၃၀) ရက်နေ့ ညနေပိုင်း၌ တမူးပြည်သူ့ကာကွယ်ရေးအဖွဲ့က ကြားဖြတ်တိုက်ခိုက်ကြောင်း သိရသည်။

အာဏာသိမ်းအဖွဲ့လက်အောက်မှ မြို့သစ်မြို့ နယ်‌မြေရဲစခန်း၏ ရဲတပ်ကြပ် ဇော်မင်းထွန်း(ခ)ဖိုးဇော်နှင့် ၎င်း၏ဇနီး အပါအဝင် တပ်ဖွဲ့ဝင် (၂) ဦးတို့အား  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တမူးမြို့)၊ တပ်ရင်း(၁)မှ Gurkha Defence Force (GDF) တပ်စိတ် တစ်စိတ်အပါအဝင် တပ်စိတ်(၂)စိတ်က တမူး-ကွန်းတောင်း လမ်းပိုင်းကြားတွင် (၃)ဖွဲ့ခွဲ၍ စောင့်ကြို တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။



ယင်းတိုက်ခိုက်မှုအတွင်း အာဏာသိမ်းအဖွဲ့၏ ရဲတပ်ကြပ် ဇော်မင်းထွန်း၏ဇနီး သေဆုံးသွားပြီး ကျန် (၃) ဦး ဒဏ်ရာအသီးသီးရသွားကာ ကားမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ထိခိုက်ဒဏ်ရာရခြင်း မရှိကြောင်း သိရသည်။

စစ်တပ်က နိုင်ငံ့အာဏာကို သိမ်းထားသည့် (၁၀) လကျော်လာသည်အထိ စစ်အာဏာရှင်၏ အကြမ်းဖက်ဖိနှိပ်ဖြိုခွင်းမှုများခံနေရသည့် ပြည်သူများက နည်းမျိုးစုံဖြင့် ဆက်လက်တော်လှန်နေကြခြင်းဖြစ်သည်။