ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့ရှိ နောင်ယား ခရစ်ယာန်ကျောင်းတိုက်၊ ခရစ္စတူးဘုရင်ဘုရားကျောင်းတော်ဝန်းအတွင်း၌ COVID 19 လူနာအပါအဝင် လူနာများကို ကုသပေးနေသည့် ကရုဏာအခမဲ့ဆေးခန်းကို အာဏာသိမ်းစစ်တပ်က ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၂၂)ရက်နေ့တွင် ဝင်ရောက်စီးနင်းဖမ်းဆီးသွားခဲ့သည့်များထဲက ဆရာဝန်၊ သူနာပြုနှင့် သူနာပြုအကူ စုစုပေါင်း (၁၈) ဦးကို နိုဝင်ဘာလ (၂၃)ရက်နေ့တွင် အမှုဖွင့်အရေးယူမည်ဟု အာဏာသိမ်းစစ်တပ်က သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။
COVID 19 လူနာများ အပါအဝင် လူမျိုးဘာသာမရွေးကို အခမဲ့ကုသပေးနေသည့် ခရစ္စတူးဘုရင်ဘုရားကျောင်းတော်ဝန်းအတွင်းမှ ကရုဏာဆေးခန်းကို အာဏာသိမ်းစစ်တပ်က နိုဝင်ဘာလ (၂၂) ရက်နေ့ နံနက်ပိုင်း၌ ဝင်ရောက်စီးနင်းကာ သာသနာ့တာဝန်ခံ မွန်ဆီညော်ဆဲလ်ဆို ဘရွှေအပါအဝင် စစ္စတာများ၊ ဆရာဝန်၊ သူနာပြုများအား ဖမ်းခေါ်သွားသည့်အပြင် ဆေးခန်းမှ COVID 19 လူနာများအပါအဝင် လူနာ (၄၈) ဦးကိုလည်း လွိုင်ကော်ပြည်သူ့ဆေးရုံနှင့် စစ်ဆေးရုံ သို့ အတင်းအကျပ် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
ယင်းနေ့ညနေမှာပင် သာသနာ့တာဝန်ခံ မွန်ဆီညော်ဆဲလ်ဆို ဘရွှေက ၎င်းအား ဖမ်းဆီးခြင်းမရှိဘဲ ဖမ်းဆီးခံရသူများအား ကူညီရန်လိုက်ပါသွားခြင်းဖြစ်သည်ဟု အများပြည်သူကို အသိပေးခဲ့ကာ နိုဝင်ဘာလ (၂၃) ရက်နေ့၌ အချို့ပြန်လွတ်လာခဲ့ခြင်းဖြစ်သည်။
ယင်းနောက် အဆိုပါဆေးခန်းတွင် ဆေးကုသပေးနေသည့် ဆရာဝန် (၄) ဦး၊ သူနာပြု (၄) ဦးနှင့် သူနာပြုအကူ (၁၀) ဦး စုစုပေါင်း (၁၈) ဦးတို့အနက်မှ CDM ပြုလုပ်ထား၍ အာဏာသိမ်းအဖွဲ့က ပုဒ်မ ၅၀၅ ကဖြင့် အမှုဖွင့်ခံထားရသူများလည်း ပါဝင်ပြီး CDM မဝင်သူများကိုလည်း အခကြေးငွေယူ၍ဆေးကုခြင်းစသည့် စွပ်စွဲချက်များဖြင့် အာဏာသိမ်းအဖွဲ့က အမှုဖွင့်အရေးယူခြင်းဖြစ်ကြောင်း သိရသည်။
အာဏာသိမ်းအဖွဲ့သည် CDM ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများက ပြည်သူလူထုအတွက် အခမဲ့ဆေးခန်းများ ဖွင့်လှစ်ကုသပေးခြင်းကိုလည်း လိုက်လံဖျက်ဆီး ဖမ်းဆီးခြင်းများလုပ်ဆောင်သည့်အပြင် COVID 19 တတိယလှိုင်းအတွင်း ပြည်သူများ ကုသမှုအလုံအလောက်မရဘဲဖြစ်နေချိန်ကလည်း အခမဲ့လိုက်လံကုသပေးသည့် CDM ဆရာဝန်များကို မတရားပုဒ်မများဖြင့် လိုက်လံဖမ်းဆီးမှုများလည်း လုပ်ခဲ့ခြင်းဖြစ်သည်။