အာဏာသိမ်းစစ်တပ်က တန့်ဆည်နှင့် ကျွန်းလှမြို့နယ်အတွင်း လေကြောင်းမှ ပစ်ခတ်ပြီး တပ်အင်အားဖြည့် ပို့ဆောင်နေ

အာဏာသိမ်းစစ်တပ်က တန့်ဆည်နှင့် ကျွန်းလှမြို့နယ်အတွင်း လေကြောင်းမှ ပစ်ခတ်ပြီး တပ်အင်အားဖြည့် ပို့ဆောင်နေ
အောက်တိုဘာ 28, 2021 | အခြားဒေသများ

စစ်ကိုင်းတိုင်းဒေသကြီး  တန့်ဆည်မြို့နယ်နှင့် ကျွန်းလှမြို့နယ်များအတွင်း ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့ တစ်နေ့လုံး အာဏာသိမ်းအဖွဲ့၏ စစ်တပ်က လေကြောင်းမှ ပစ်ခတ်မှုများပြုလုပ်ပြီး အင်အားပို့ဆောင်ခြင်းများ လုပ်နေကြောင်း သိရသည်။

ယနေ့ တစ်နေ့လုံး အာဏာသိမ်းစစ်တပ်၏ တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်  (၆) စီးထက်မနည်း အဆိုပါ မြို့နယ်နှစ်ခုပေါ်တွင် ခပ်နိမ့်နိမ့်ပျံသန်းပြီး ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည့်အပြင် တန့်ဆည်မြို့နယ် မြောက်ဖျားပိုင်းနှင့် ကျွန်းလှမြို့နယ်ဘက်တွင် အာဏာသိမ်းတပ်ဖွဲ့ဝင်များကို လေကြောင်းမှ ပို့ခဲ့ကြောင်း ဒေသအခြေစိုက် သတင်းများတွင် ဖေါ်ပြချက်အရ သိရသည်။

လေကြောင်းဖြင့်ပို့ထားသည့် အာဏာသိမ်းတပ်ဖွဲ့ဝင်များသည် ခဝါသည်ကျေးရွာ၏ မြောက်ဘက် တစ်မိုင်ဝန်းကျင်တွင် စခန်းချနေကြောင်းလည်း သိရသည်။

အာဏာသိမ်းစစ်တပ်က ယနေ့တွင် တန့်ဆည်မြို့နယ်မြောက်ပိုင်း ကပေါင်းကျ၊ နနွင်းတောဘက်တွင် ရဟတ်ယာဉ် ၆ စီးဖြင့်ပတ်၍ သေနတ်ဖြင့် (၂) ချက်ပစ်ခတ်သွားပြီး ကျွန်းလှနယ်ဘက်တွင် အချက်ရေ (၃၀) ကျော်ပစ်ခတ်သွားသည်ဟု သိရသည်။

ယင်းအပြင် တန့်ဆည်မြို့နယ် ကျွဲတည်းကျေးရွာဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး အာဏာသိမ်းတပ် တပ်စွဲထားသည့် ကာပေါင်းကျရွာတွင်လည်း နေအိမ်များ ထပ်မံမီးရှို့ခံရကြောင်း သိရသည်။



အာဏာသိမ်းစစ်တပ်သည် တန့်ဆည်မြို့နယ်အတွင်းရှိ ကာပေါင်းကျရွာတွင် အောက်တိုဘာလ (၁၇) ရက်နေ့ကတည်းက တပ်စွဲနေပြီး ရွာတွင်းမှ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းလုပ်နေ၍ ဒေသခံများမှာ နီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။