စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ် ကာပေါင်းကျရွာတွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်တပ်က ရွာတွင်းရှိ နေအိမ်များနှင့် တောထဲမှ တဲများကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၂၃) ရက်နေ့တွင် မီးရှို့နေပြီး လက်နက်ကြီးပစ်ခတ်သံများလည်း ကြားရကြောင်း သိရသည်။
ရွာထဲမှာ (၁၇) ရက်နေ့ကတည်းက သူတို့ (အာဏာသိမ်းစစ်တပ်) တပ်စွဲထားတော့ ရွာထဲက လူမနေကြတော့ဘူး။ ဒီနေ့က ရွာထဲရော တောဘက်က တဲတွေရော လိုက်ပြီး မီးရှို့နေကြတယ်။ တောထဲလည်း နေစရာမရှိတော့ပါဘူး။ တောထဲထိ လိုက်တော့ ပြေးမိပြေးရာ ပြေးကြပြီ။
ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။
အာဏာသိမ်းအဖွဲ့၏ စစ်တပ်က ကပေါင်းကျရွာကို (၉) ကြိမ်မြောက်ဝင်ရောက်မှုအဖြစ် အောက်တိုဘာလ (၁၇) ရက်နေ့ကတည်းက ရောက်ရှိအခြေစိုက်နေ၍ ဒေသခံများမှာ ကျေးရွာများမှ တိမ်းရှောင်နေကြရကြောင်း သိရသည်။
အာဏာသိမ်းစစ်တပ် တပ်စွဲထားသည့် ကပေါင်းကျရွာတွင် နံနက် (၁၀)နာရီခွဲဝန်းကျင်က လက်နက်ကြီးသံ (၂) ချက်ကြားရပြီးနောက် ရွာမြောက်ဘက်လယ်ကွင်းထဲရှိ တဲများကိုလည်း မီးရှို့လိုက်ကြကြောင်း သိရသည်။
ယင်းနောက် နေ့လယ် (၁၁)နာရီ မိနစ် (၄၀) ဝန်းကျင်တွင် ရွာတွင်းမှ နေအိမ်များ မီးရှို့ခံရကြောင်း သိရပြီး ညနေပိုင်းအချိန်ထိ စုစုပေါင်းနေအိမ် (၁၅)လုံးထက်မနည်း မီးလောင်ဆုံးရှုံးမည်ဟု ဒေသခံများက ခန့်မှန်းထားကြသည်။