ဒီးမော့ဆိုမြို့တွင် PDF ကို အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီး၊ အမြောက်ပစ်ကူအပြင် ရဟတ်ယာဥ်ကိုပါ သုံး၍ ပစ်ခတ်နေ

ဒီးမော့ဆိုမြို့တွင် PDF ကို အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီး၊ အမြောက်ပစ်ကူအပြင် ရဟတ်ယာဥ်ကိုပါ သုံး၍ ပစ်ခတ်နေ
မေ 31, 2021 | ကယား

ကယား(ကရင်နီ)ပြည်နယ်၊ ဒီမော့ဆိုမြို့ရှိ ကုန်းသာကျေးရွာအနီးတွင် ၂၀၂၁ ခုနှစ်၊ မေလ (၃၁) ရက်နေ့ နေ့လယ်ပိုင်းမှစ၍ ဖြစ်ပွားနေသော ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့၏ တိုက်ပွဲတွင် အာဏာသိမ်းတပ်ဘက်က အမြောက်တပ် ပစ်ကူအပြင် ရဟတ်ယာဥ်များပါ သုံးနေသည်။

လက်နက်ကြီးတွေအပြင် အခု ရဟတ်ယာဥ်ပါ တောင်ငူဖက်ကနေ ရောက်လာပြီး အပေါ်ကနေ ကျွန်တော်တို့ကို ပစ်ချနေတယ်။ ကျွန်တော်တို့တော့ အခု တဖြေးဖြေး ပြန်ဆုတ်နေတယ်

ဟု မြေပြင်တွင်ရောက်ရှိနေသည့် PDF အဖွဲ့ဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မေလ (၃၁)ရက်နေ့ နေ့လယ်ပိုင်းမှစ၍ လက်ရှိချိန်ထိ ဒီးမော့ဆိုမြို့ ကုန်းသာကျေးရွာအနီး ကျောက်ဆည်ကန်တစ်ဝိုက်တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည်။

တိုက်ခိုက်မှုအတွင်း အာဏာသိမ်းတပ်က လက်နက်ကြီးအသုံးပြုပစ်ခတ်မှုအပြင် လွိုင်ကော်အခြေစိုက် အမြောက်တပ်မှ တာဝေးပစ်အမြောက် အချက် (၂၀) ကျော်ပစ်ကူနှင့် ညနေ (၅)နာရီကျော်အချိန်မှစ၍ ရဟတ်ယာဥ်များဖြင့်ပါ ပစ်ကူနေသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မှ ထိခိုက်သူများရှိနေကြောင်း သိရသည်။