ရှမ်းပြည်နယ် (တောင်ပိုင်း) ဖယ်ခုံမြို့နယ် အရှေ့ဖက်ကမ်း လွယ်ပေါကျေးရွာမှ စစ်တပ်သတင်းပေးဟု နာမည်ကြီးနေသည့် လင်မယားနှစ်ဦးကို ၂၀၂၁ ခုနှစ်၊ မေလ (၁၇) ရက်နေ့ည (၈) နာရီကျော်တွင် လက်နက်ကိုင်တစ်စုက နေအိမ်၌ သေနတ်ဖြင့် ပစ်သတ်သွားကြောင်းသိရသည်။
" မနက်က လွယ်ပေါက အမျိုးတွေဆီ ဖုန်းဆက်မေးတယ်။ သေချာတယ်ပေါ့။ ဒလံလုပ်နေတဲ့ လင်မယား ပစ်သတ်ခံရတယ်။ လာပစ်သွားတဲ့သူတွေက ဘယ်အဖွဲ့ ဘယ်သူဆိုတာ ဘယ်သူမှ မသိကြဘူး။ နှစ်ယောက်လုံးတော့ သူတို့ အိမ်မှာပဲ ပွဲချင်းပြီး သေသွားတယ်ပေါ့ ။ စစ်တပ်ကတော့ လွယ်ပေါကို ဒီမနက်မှာ သွားတာတွေ့တယ်"ဟု ဖယ်ခုံမြို့ ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ မေလ(၁၈)ရက်နေ့ညနေပိုင်းတွင် အတည်ပြုပြောသည်။
လွယ်ပေါကျေးရွာမှာ ဖယ်ခုံမြို့ဘီလူးချောင်း အရှေ့ဖက်ခြမ်းတွင်ရှိသည့်ကျေးရွာ ဖြစ်ပြီး မေလ (၁၈) ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ်က လှေဖြင့်အဆိုပါရွာကို ရောက်လာကြောင်း သိရသည်။