ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့တွင် ၂၀၂၁ ခုနှစ် မေလ (၈) ရက်နေ့ည သန်းခေါင်ယံ ညမထွက်ရ သတ်မှတ်ထားချိန်အတွင်း မြို့တွင်း ရပ်ကွက်အချို့တွင် သေနတ်ပစ်ခတ်သံများ ဆက်တိုက်ကြားနေရသည်။
အမှတ် (၁) ရပ်ကွက်ရှိ မြို့ကျက်သရေဆောင်ခန်းမ၊ မုန့်တီဖို၊ ပင်လုံလမ်းမကြီးနံဘေး အမှတ် (၁)ရပ်ကွက် နှင့် အမှတ် (၂)ရပ်ကွက်အကြားရှိ ကျောက်မဲမြို့မရဲစခန်းအနီးဝန်းကျင်များ၌ ည (၁၂)နာရီဝန်းကျင်တွင် ပစ်ခတ်သံများကြားရခြင်းဖြစ်ပြီး သေနတ်သံ ရာနှင့်ချီမည်ဟု ဒေသခံအချို့က ဆိုသည်။
သေနတ်သံများ မကြားမီ ကနဦးအချိန်က ဆိုင်ကယ်များမောင်းသွားသည့်အသံအချို့ ကြားလိုက်ရပြီးနောက် နေရာအနှံ့အပြားမှ သေနတ်သံများ ဆက်တိုက်ကြားလာရခြင်းဖြစ်သည်ဟု သိရသည်။
မြို့ခံများ၏ ပြောဆိုချက်များအရ ယခင်ကာလများက ညပိုင်းပစ်ခတ်ခဲ့သည့်အသံများနှင့်မတူဘဲ အတွဲလိုက် ပစ်ခတ်သည့်အသံများပါ ကြားရသည့်အပြင် လူနေရပ်ကွက် လမ်းသွယ်၊ လမ်းကြားများအထိ ပစ်ခတ်သံကြားရကြောင်း သိရသည်။
#TachileikNewsAgency