ကယားပြည်နယ် လွိုင်ကော်မြို့ပေါ် နာနတ်တောရပ်ကွက်အတွင်း စစ်ကောင်စီရဲ့ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့ ဝင်စီး

ကယားပြည်နယ် လွိုင်ကော်မြို့ပေါ် နာနတ်တောရပ်ကွက်အတွင်း အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက် လက်နက်ကိုင်များက   ဧပြီလ(၁၂)ရက်နေ့ မနက် (၆)နာရီဝန်းကျင်က ရောက်ရှိလာပြီး လမ်းပေါ်က အတားအဆီးတွေကို ဖြိုဖျက်တာတွေ လုပ်သလို ရပ်ကွက်အတွင်း ဝင်ပြီး ဆဲဆိုတာတွေ ပစ်ခတ်တာတွေလုပ်တဲ့ အပြင် ဖမ်းဆီးတာတွေပါ လုပ်ဆောင်နေပါတယ်။

မနက်ပိုင်းက စပြီး မနက်(၁၀)နာရီကျော်အချိန်အထိ နာနတ်တောရပ်ကွက်အတွင်း လမ်းကြားများအထိ လိုက်လံ ဝင်ရောက်ပြီး ရာဘာကျည်များ၊ မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်တဲ့ အပြင် လမ်းသွား လမ်းလာများကိုလည်း တားဆီး စစ်ဆေးမှုများ ပြုလုပ်ပြီး ဖမ်းဆီးတာတွေနဲ့ ဆိုင်ကယ်သိမ်းတာတွေပါ လုပ်ဆောင်နေပါတယ်။ 

စစ်ကောင်စီရဲ့ အကြမ်းဖက်အဖွဲ့ဟာ ရပ်ကွက်အတွင်း ဝင်ရောက်ပြီး အိမ်တွေကို  ညစ်ညမ်းစွာ ဆဲဆိုပြီး လေးခွတွေနဲ့ပါ ပစ်ခတ်နေတဲ့အတွက် သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေ မထိမှန်စေဖို့ ပုန်းခိုနေရတယ်လို့လည်း သိရပါတယ်။