ကယားပြည်နယ် လွိုင်လင်လေးမြို့နယ်တွင်း တိုက်ပွဲဖြစ်နေရာများအား ကရင်နီတပ်မတော် နယ်မြေ ရှင်းလင်း

ကယား (ကရင်နီ) ပြည်နယ်၊ လွိုင်လင်လေးမြို့နယ် အရှေ့ဖက်တစ်ကြောတွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်နေ့၌ ကရင်နီတပ်မတော် (KA) နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေရာများအား ကရင်နီတပ်မတော် (KA) က ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၃) ရက်နေ့တွင် နယ်မြေရှင်းလင်းရေးများ လိုက်လံလုပ်ဆောင်နေကြောင်း သိရသည်။ 

တိုက်ပွဲဖြစ်ခဲ့သောနေရာများတွင် ကရင်နီတပ်မတော် (KA) မှာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဥ် အာဏာသိမ်း စစ်ကောင်စီတပ်မှ ကျဆုံးခဲ့သူများ၏ အဝတ်အစားများ၊ အသုံးပြုခဲ့သော လက်နက်ကျည်များကိုတွေ့ရှိခဲ့ရပြီး ကျဆုံးအလောင်းများကို မတွေ့ရသဖြင့် စစ်ကောင်စီတပ်က ပြန်လည်သယ်ဆောင်သွားသည်ဟု ယူဆထားသည်။

ကယား (ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့ အရှေ့ဖက်တစ်ကြောရှိ KNPP ထိန်းချုပ်နယ်မြေများအတွင်း နယ်မြေကျော်ဝင်ရောက်နေသည့် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော်(KA)တို့ ၂၀၂၁ ခုနှစ် ဇူလိုက်လ (၁၂) ရက်နေ့ နံနက်ပိုင်းစ၍ ညပိုင်းအထိ တိုက်ပွဲ (၅)ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖက်မှ (၁၀)ဦးထက်မနည်း သေဆုံးကြောင်း KNPP ၏ သတင်းနှင့်ပြန်ကြားရေးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။



Video: Lin Lin