စစ်တပ်အာဏာသိမ်းသည့် (၈) ရက်မြောက်နေ့တွင် ရန်ကုန်မြို့၌ စစ်အာဏာရှင်စနစ်ကို လက်မခံသည့် ဆန္ဒထုတ်ဖေါ်သူပိုများလာ

စစ်တပ်အာဏာသိမ်းသည့် (၈) ရက်မြောက်နေ့တွင် ရန်ကုန်မြို့၌ စစ်အာဏာရှင်စနစ်ကို လက်မခံသည့် ဆန္ဒထုတ်ဖေါ်သူပိုများလာ

စစ်တပ်က အာဏာသိမ်းသည့် (၈) ရက်မြောက်နေ့တွင် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၈) ရက်နေ့၌ ရန်ကုန်တစ်မြို့လုံး၌ စစ်အာဏာရှင်ကို လက်မခံကြောင်း ဆန္ဒထုတ်ဖေါ်သည့် လူဦးရေ ယခင်နေ့များထက် ပိုများလာပြီး လုံခြုံရေးတပ်ဖွဲ့က သတ်မှတ်ချက်များကို မဆန့်ကျင်ဘဲ ငြိမ်းချမ်း၍ စနစ်ကျစွာ ဆန္ဒထုတ်ဖေါ်လာကြကြောင်း သိရသည်။



ဒီနေ့က လှိုင်သာယာကအစ အားလုံးကို ပျံ့သွားတာကို တွေ့ရတယ်။ လှိုင်သာယာဘက်ဆို တံတားတောင် ပိတ်လိုက်ရတယ်။ နေရာတိုင်းမှာ လူငယ်တွေ များတာတွေ့တယ်။ လူကြီးတွေ မတွေ့ရသလောက်ပဲ။ လူကြီးတွေက စီးပွားရေးလည်ပတ်မှုကို မပျက်အောင် လုပ်နေကြတယ်လို့ ယူဆပါတယ်။ လူတွေများပေမဲ့ သူ့အုပ်စုနဲ့သူ ငြိမ်းငြိမ်းချမ်းချမ်းပဲ ဆန္ဒထုတ်ဖေါ်ကြတယ်။ အမှိုက်တွေ တစ်ခါထဲ သိမ်းကြတယ်။ လုံခြုံရေးတွေ သတ်မှတ်ထားတဲ့ မသွားရဆိုတဲ့နေရာ မသွားဘူး။ လုံခြုံရေးတွေကလည်း လူထုက ဘာမှ မဆန့်ကျင်တော့ ဘာမှ တုန့်ပြန်တာ မရှိဘူး။ ဒီနေ့မှာ အနုပညာရှင်တွေလည်း ထွက်လာတာ တေ့ွရတယ်။ အရင်နေ့တွေက မတွေ့ဘူး။

ဟု ရန်ကုန်မြို့တွင်း ဆန္ဒထုတ်ဖေါ်မှုများနှင့်ပတ်သက်၍ တာချီလိတ်သတင်းအေဂျင်စီသို့ သတင်းပေးပို့နေသည့် သတင်းထောက်က ပြောသည်။



ရန်ကုန်မြို့တွင် အာဏာရှင်စနစ်လက်အောက်၌ အလုပ်တာဝန်ဆက်လက်မလုပ်ကြောင်း Civil Disobedience Campaign လုပ်ဆောင်နေသည့် ဝန်ထမ်းများ တိုးလာသည့်အပြင် ပြည်သူလူထု၏ စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်ဆောင်မှုများလည်း တိုးလာနေခြင်းဖြစ်သည်။



စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံတော်အာဏာကို သိမ်းလိုက်သဖြင့် စစ်အာဏာရှင်စနစ်ကို လက်မခံသည့် လူထုက နေအိမ်များမှ သံပုံးတီး၍နှင်ထုတ်ခြင်း၊ ပြည်သူ့ဝန်ထမ်းများက အာဏာရှင်စနစ်လက်အောက်တွင် အလုပ်တာဝန်ဆက်လက်မလုပ်ကြောင်း Civil Disobedience Campaign လုပ်ဆောင်၍ ဆန္ဒထုတ်ဖေါ်ခြင်းများကို လုပ်ဆောင်နေကြရာမှ လမ်းပေါ်ထွက်၍ ဆန္ဒထုတ်ဖေါ်ခြင်းကို ဖေဖေါ်ဝါရီလ (၆) ရက်နေ့မှစ၍ လုပ်ဆောင်လာကြခြင်းဖြစ်သည်။

Tachileik News Agency